တရားဝင်နှစ်မျိုး
အစိုးရတစ်ရပ်၏ တရားဝင်အတည်ဖြစ်မှုသည် မှန်ကန်သောအရေးအတွက် ရပ်တည်ခြင်းအပေါ် အခြေတည်သလို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းအပေါ်၌လည်း မူတည်ခဲ့သည်။ Right Cause or good fight ဟု နိုင်ငံရေးသိပ္ပံပညာရှင်တို့က ပညတ်သည်။ သို့သော် ယခု ဤသဘောထက်ပိုသွားသည်။ ပြည်သူပြည်သားတို့ ဘာလိုချင်၍ ဘာမျှော်လင့်သနည်းဆိုသောဆန္ဒကို ဘယ်လောက်နှင့် ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲဆိုသော အချက်ဖြင့် အစိုးရတစ်ရပ်သည် တရားဝင်မှုရရှိရန် လိုအပ်လာသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွေပေါ်လာမည်။ အစိုးရသစ်တွေပေါ်လာမည်။ ပေါ်လာမည့် အစိုးရအသီးသီးသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ အညွတ်ဖြစ်၍ တရားဝင်အတည်ဖြစ်သည်ဟု ဥပဒေရှုထောင့်မှ ဆိုနိုင်စေကာမူ မဲဆန္ဒရှင်တို့၏ ဆန္ဒကို ဘယ်လောက်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မလဲဆိုသော အချက်ဖြင့်လည်း တရားဝင်မှုကို လက်တွေ့ဖော်ဆောင်ပြရဦးမည်။ တရားဥပဒေအရ တရားဝင်မှုနှင့် လက်တွေ့အရ တရားဝင်မှုနှစ်မျိုး ထင်ရှားရန်လိုသည်။
ဘယ်လိုလုပ်မလဲ
သို့ဖြင့် ယနေ့နိုင်ငံရေး၏ဆောင်ပုဒ်ကို စစ်ဆေးကြည့်ကြသည်။ ယနေ့ဆောင်ပုဒ်သည် "ဘာလုပ်ရမလဲ" What to do မဟုတ်ပြီ။ ထိရောက်ထက်မြက်သောနည်း၊ စရိတ်သက်သာသောနည်းတို့ဖြင့် "ဘယ်လိုလုပ်မလဲ" How to do ဖြစ်လာပြီ။ ထို့ကြောင့် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပလေယာတို့သည် ဘာလုပ်မလဲဟု စဉ်းစားသည်ထက် ပြည်သူလူထုဆန္ဒကို ဘယ်လိုဆောင်ရွက်ပေးမလဲဟု စဉ်းစား၍ လုပ်ငန်းစဉ်တို့ကို ချပြကြရတော့မည်။
"ဘယ်လိုလုပ်မလဲ" ဆိုသောပုစ္ဆာမှာ လက်တွေ့ပြဿနာဖြစ်သည်။ နိုင်ငံရေးသည် လက်တွေ့ကြည့်ရုံဖြင့် လုံလောက်ပြီဟု အထင်မှားနိုင်သည်။ နိုင်ငံရေးသည် လူတို့၏ အကျိုးစီးပွားသက်သက်ကိုသာ ကြည့်ရသည်မဟုတ်ပေ။ လူတို့၏ ကျင့်ဝတ်တန်ဖိုးနှင့် ပညာတို့အပေါ်လည်း ကြည့်ရသည်။ အကျိုးစီးပွား ကျင့်ဝတ်တန်ဖိုးနှင့် ပညာတို့သည် နိုင်ငံရေးတွင် သဟဇာတဖြစ်ရပေမည်။ အကျိုးစီးပွားကိုသာ တစ်ဖက်စောင်းနင်း အာရုံစိုက်ရန် မဟုတ်ပေ။ ကျင့်ဝတ်နှင့် ပညာကိုလည်း အလေးပေးရမည်။ သို့သော် သူ့လမ်းကြောင်းနှင့်သူ ရှိရမည်။ အကျိုးစီးပွားတန်ဖိုးနှင့် ပညာတို့ကို လမ်းကြောင်းလွဲသည်။
ကျယ်ပြန့်ရန် လိုမလို
လက်ရှိနိုင်ငံရေးသည် ဒီမိုကရေစီသို့ ရှေးရှုရန်ဖြစ်လေရာ ထိုနှင့်အညီ အကျိုးစီးပွား၊ ကျင့်ဝတ်နှင့် ပညာတို့အကြောင်း ဆွေးနွေးမှုသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရန်လိုသည်။ အကျိုးစီးပွားကျင့်ဝတ်နှင့် ပညာတို့သည် နိုင်ငံရေး၌ အရေးပါအရာရောက်လာသောအခါ ဤအကြောင်းအရာတို့၏ အဖြေသည် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုမှ ပေါ်ပေါက်လာသောရလဒ် ဖြစ်အပ်သည်။ ဤသို့ ဆွေးနွေးရန်မလိုအပ်ဟု စောဒကတက်နိုင်သည်။ အကြောင်းမူ မြန်မာလူ့အဖွဲ့အစည်းသည် ပြင်းထန်ခက်ထန်သော နိုင်ငံရေးဖြစ်စဉ်တို့ကို ဖြတ်သန်းခဲ့ဖူးပြီးဖြစ်သည်။ ဤအကြောင်းတို့ကို သိပြီးသားဟု မှတ်ယူနိုင်သောကြောင့်ဖြစ်သည်။
ဒွန်တွဲ
မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် အကျိုးစီးပွားပြဿနာ၊ ကျင့်ဝတ်တန်ဖိုးပြဿနာနှင့် ပညာရေးသုတပြဿနာတို့ဖြင့် စိုပြည်နေလိမ့်မည်ဟု ခန့်မှန်းရနိုင်သည်။ ဤအတိုင်းမှန်လျှင် မြန်မာ့နိုင်ငံရေးအလားအလာသည် ကောင်းမွန်သည်ဟု ပြောနိုင်သည်။ အကျိုးစီးပွားအမျိုးမျိုးကို ထင်ဟပ်အောင် "ဘုံကောင်းကျိုး" တစ်ခုခုကို ရှာဖွေရန်လိုသည်။ ဤကိစ္စနှင့်ပတ်သက်၍ အခွင့်သာသောအချက်မှာ တက္ကနိုလိုဂျီ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ တက္ကနိုလိုဂျီဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေးခေါင်းဆောင်တို့၏ လုပ်ရည်ကိုင်ရည် စွမ်းရည်ကို တိုးမြှင့်တင်ပေးနိုင်သဖြင့် ဘုံအကျိုးရှာရာ၌ လွယ်ကူချောမောစေမည်။
တက္ကနိုလိုဂျီ အထူးသဖြင့် အင်တာနက်သည် နိုင်ငံရေးဖြစ်ထွန်းမှုကို အကြီးအကျယ် အကျိုးဖြစ်စေမည်။ အဝေးသင်၊ အီးမေးလ်၊ အီးအစိုးရ စသည့် ပြည်သူ့ဝန်ဆောင်မှုတို့ကို နိုင်ငံသားတို့နှင့် အနီးဆုံးနေရာသို့ ရွှေ့ပေးနိုင်သည်။ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် ပြည်သူ့အကျိုးပြုနိုင်ငံရေးတို့ ဒွန်တွဲပေးစရာရှိသည်။
Friday, November 06, 2009
ကျင့်ဝတ်တန်ဖိုးပညာနှင့် ဒီမိုကရေစီနိုင်ငံရေး - မောင်စူးစမ်း
Posted by
Ko Nyan
Posted Time
10:17 AM
0
Comment(s)
Link This
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, ဆောင်းပါး-Article, မြန်မာ-Myanmar, နိုင်ငံရေး
အတွေးမီးခိုးတန်းများ - ကိုဉာဏ် (ပန်းလောင်မြေ)
(၁)
ဒိုင်နိုဆောတွေနဲ့ ပုရွက်ဆိတ်တွေဟာ အချိန်ကာလတစ်ခုတည်းလောက်မှာ အတူတကွ ပေါ်ပေါက်ခဲ့ကြတဲ့ သတ္တ၀ါတွေပါ။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာ ပုရွက်ဆိတ်တွေကိုသာ နေရာတိုင်းမှာ တွေ့နိုင်ပြီး ဒိုင်နိုဆောဆိုတာကိုတော့ ရုပ်ရှင်တွေ၊ ကာတွန်းတွေထဲလောက်မှာသာ မြင်ရတော့တယ်တဲ့။ သူငယ်ချင်းတစ်ယောက် လာပြောတာပါ။ အတွေးတန်းတွေ တသီကြီးနဲ့ ကျွန်တော်ကျန်ရစ်ခဲ့တယ်။
(၂)
ခေတ်စနစ်ကြီးကို တောက်တခေါက်ခေါက်ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ အခြားသူငယ်ချင်းတစ်ယောက်က သူ့ကိုမေးပါတယ်။ "ခေတ်စနစ်ကြီးကို ဘယ်သူက လုပ်တာလဲကွ"တဲ့။ သူကလည်း ပြန်ဖြေတာပေါ့။ "လူတွေပေါ့ကွာ"တဲ့။ "ဒါဆိုရင် အဲဒီလူဆိုတဲ့အထဲမှာ မင်းလည်းပါတာပေါ့နော်" လို့ ပြောတဲ့အချိန်မှာတော့ "အင်း၊ အဲ၊ ဟို၊ …" စတဲ့ အာမေဋိတ်စကားလုံးပေါင်း သောင်းခြောက်ထောင်နဲ့ ကျွန်တော့်သူငယ်ချင်း စိတ်တိုစိတ်ညစ် ဖြစ်သွားပုံရပါတယ်။ အားလုံးဝိုင်းရယ်ဖြစ်ကြပေမယ့် ကျွန်တော်ကတော့ ရယ်ရင်းနဲ့ အတွေးတွေ အမျှင်တန်းနေမိပါသေးတယ်။
(၃)
ဒါကလည်း ကျွန်တော့်သူငယ်ချင်းကို သူ့အဖေက ဆုံးမတဲ့စကားလေးကို သူပြန်ပြီး ဖောက်သည်ချထားတာပါ။ "ဒီမှာ ငါ့သား…. အမြဲတမ်း "တစ်" ဖြစ်အောင် လုပ်ပါ။ မင်းသာ "တစ်"ဖြစ်နေရင် မင်းနောက်မှာပါသမျှ လူတွေအားလုံးဟာ "သုည"ဖြစ်နေဦးတော့ တန်ဖိုးရှိနေလိမ့်မယ်၊ မင်းနောက်မှာ "သုည"တစ်ယောက်ရှိရင် မင်းဟာ "တစ်ဆယ်" ဖြစ်နေလိမ့်မယ်၊ မင်းနောက်မှာ "သုည" ဆယ်ယောက်ရှိနေရင် မင်းဟာ "တစ်ရာ" ဖြစ်သွားလိမ့်မယ်၊ အဲဒီလိုပဲ မင်းနောက်မှာ "သုည"တွေများသလောက် မင်းလည်း တန်ဖိုးတက်နေပါလိမ့်မယ်" တဲ့။ သူ့အဖေကို မမြင်ဖူးပေမယ့် သူ့စကားကိုတော့ မြင်လိုက်မိပါတယ်။
(၄)
ဂျာနယ်တွေထဲမှာ အခုနောက်ပိုင်း အင်နဲ့အားနဲ့ နေရာရလာတာကတော့ ကာတွန်းတွေပါပဲ။ ကာတွန်းမပါတဲ့ဂျာနယ်မှ ရှိသေးရဲ့လားလို့တောင် မေးရမလောက်ပါပဲ။ ပါသမျှကာတွန်းတွေကလည်း သူတို့မြင်နေတဲ့ ခေတ်အခြေအနေကို မီးမောင်းထိုးပြထားကြတာ များပါတယ်။ ထိလည်းထိ၊ မိလည်းမိတာမို့ အတော်လေးကို သဘောကျစရာကောင်းတာတွေ တွေ့ရပါတယ်။ အဲဒီမှာ စဉ်းစားမိတာက ခေတ်စနစ်တွေကို ထင်ဟပ်ခဲ့တဲ့ ၀တ္ထုတွေ၊ ဆောင်းပါးတွေ၊ ခရီးသွားမှတ်တမ်းတွေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေကို အကြိမ်ကြိမ် ပြန်လည်ဖော်ထုတ် ထုတ်ဝေကြတာတွေ့ရပါတယ်။ "ခေတ်စနစ်အသီးသီးကို မီးမောင်းထိုးပြခဲ့သော ကာတွန်းများ" ဆိုပြီး ကာတွန်းဟောင်းတွေကို စုစည်းစာအုပ်ထုတ်ဝေပေးရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ တွေးနေမိပါတယ်။
(၅)
ဈေးဝယ်သွားရင်း တွေးမိတဲ့အတွေးတစ်ခုပါ။ ကျွန်တော်တို့တွေ ဈေးဝယ်တဲ့အခါ ကိုယ်ဝယ်တဲ့ပစ္စည်းကို အနည်းဆုံးဈေး၊ အသက်သာဆုံးဈေးနဲ့ လိုချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကများ ဈေးရောင်းသူဖြစ်ခဲ့ရင် ကိုယ်ရောင်းတဲ့ပစ္စည်းကို အမြတ်များများလိုချင်ကြပါတယ်။ ဘာပဲပြောပြော ဈေးရောင်းတဲ့လူဆိုတာလည်း သူရောင်းဖို့အတွက် သူများဆီက ၀ယ်ခဲ့ရမှာပါပဲ။ အဲဒီအတွက် အမြဲတမ်းဈေးရောင်းသူ မဖြစ်နိုင်သလို၊ အမြဲတမ်း ဈေးဝယ်သူလည်း မဖြစ်နိုင်ပါဘူး။ ဘ၀သံသရာဆိုတဲ့အဓိပ္ပါယ်ကို မမီတမီဉာဏ်လေးနဲ့ မြင်လိုက်မိသလိုပါပဲ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်၊ သောကြာနေ့။
နံနက် ၀ နာရီ ၃၈ မိနစ်တွင်ပြီး၏။
Posted by
Ko Nyan
Posted Time
10:12 AM
0
Comment(s)
Link This
Labels ကျွန်တော့်အတွေးများ
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးမှု ဘယ်သင်းက အရင်စ (ဖရန်စစ်ဖူကူယားမား၏အမြင်) - ကျော်ဝင်း
ဒီဘိတ်
ယခုအခါ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီနိုင်ငံရေးစနစ်တို့ကို လိုလားနှစ်သက်အပ်သော ရည်မှန်းချက်များအဖြစ် နိုင်ငံအားလုံးလောက်က သဘောတူ လက်ခံလာကြပြီးဖြစ်ပါသည်။ သို့နှင့်တိုင် "ဒီမိုကရေစီနှင့်ဖွံ့ဖြိုးမှု ဘယ်သင်းက အရင်စ" ဆိုသည်နှင့်ပတ်သက်လျှင်မူ ယနေ့ထက်တိုင် အငြင်းပွားနေကြဆဲဖြစ်သည်။ အမှန်စင်စစ် ဤဒီဘိတ်မှာ ယခုမှစသည်တော့မဟုတ်။ ကွန်မြူနစ်ဝါဒ လက်သီးဆုပ်ပြေကျချိန် စီးပွားရေးပြုပြင်ပြောင်းလဲမှု ကနဦးကာလကတည်းက ဖြစ်သည်။
ထိုစဉ်ကမူ "ရုရှားလမ်း"၊ "တရုတ်လမ်း" ဟူ၍ လမ်းနှစ်သွယ် ပေါ်ခဲ့ဖူးသည်။ ဆိုဗီယက်ခေါင်းဆောင် မစ်ခေးဂေါ်ဘာချော့(ဗ)က "ဂလပ်စနော့" (ပွင့်လင်းရေး) နှင့် "ပယ်ရီစတွိုက်ကာ" (ပြုပြင်ပြောင်းလဲရေး)ကို တွဲလုပ်သည်။ စီးပွားရေးနှင့်နိုင်ငံရေးကို တစ်ပြေးညီပြုပြင် ပြောင်းလဲလိုသည့် သဘောဖြစ်သည်။ အကြောင်းကြောင်းကြောင့် သူမအောင်မြင်ခဲ့ပါ။ တရုတ်ခေါင်းဆောင် တိန့်ရှောက်ပင်းကမူ "ပဉ္စမမြောက်ခေတ်မီရေး" (နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အကြောင်းမပြော) "လေးမျိုးခေတ်မီရေး" (စီးပွားရေးပြုပြင်ပြောင်းလဲမှု)ကိုသာ နက်နက်ရှိုင်းရှိုင်း ဖိဖိစီးစီးလုပ်သည်။ သူ အလုပ်ဖြစ်သွားသည်။
ဂျော့ဒဗလျူဘုရှ်၏ အရှေ့အလယ်ပိုင်း ဒီမိုကရေစီဇာတ်သွင်းရေး အီရတ်စစ်ပွဲ အရေးနိမ့်သွားပြီး တရုတ်ပြည် အင်အားကြီးမားလာသောအခါတွင်မူ "စီးပွားရေးဖွံ့ဖြိုးမှုကို အရင်စလုပ်" ဆိုသော လမ်းကြောင်းက အတော်လေး ရှေ့ရောက်လာသည်။ နိုင်ငံတစ်ခုအနေဖြင့် အဆင့်မြင့်ဝင်ငွေ သို့မဟုတ် (အနည်းဆုံး) အလယ်အလတ်ဝင်ငွေ အဆင့်မရောက်မချင်း ဒီမိုကရေစီရေးကို ရက်ရွှေ့ဆိုင်းထားဆိုသော အပြောအဆိုများပင်ရှိလာသည်။ ဤအပြောအဆိုများအပေါ် ခံတွင်းမတွေ့နိုင်ကြသူများကမူ "ယနေ့တရုတ်ပြည်ဘာလဲ၊ ဘယ်လဲ" မေးခွန်းထုတ်ကြပြန်သည်။
သူ့အမြင်
မျက်မှောက်ခေတ် အကျော်ဇေယျ နိုင်ငံရေးသိပ္ပံပညာရှင် "ဖရန်စစ်ဖူကူယားမား" ကမူ ဆိုခဲ့ပါ ဒီဘိတ်မှာ ပစ်မှတ်မှားနေသည်ဟု ဝေဖန်သည်။ ဤသို့ ပစ်မှတ်မှားနေသည်ကို အသုံးပြုကြသော "စံ" ကိုယ်တိုင်က လွဲနေသောကြောင့်ဟု မှတ်ချက်ပြုသည်။ ဒီဘိတ်တွင် ပါဝင်ငြင်းခုံကြသူများက "ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်"ကို "ကိန်းသေ" အဖြစ် ကြည့်မြင်ကြသောကြောင့်ဟု ဆိုသည်။ တကယ့်လက်တွေ့တွင် အဆိုပါဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်မှာ နိုင်ငံတစ်ခုနှင့်တစ်ခု မတူ။ အများကြီးကွာသည်ဟု ကောက်ချက်ချသည်။
"အာဏာပိုင်စနစ်အောက်တွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပါသည်" ဆိုသော "ထောက်ကွက်" ကိမူ ဖူကူယားမားက ခြွင်းချက်အဖြစိ လက်ခံသည်။ ဤကောက်ချက်အတိုင်း အမှန်တကယ် ဖြစ်ဖို့ဆိုလျှင် ဦးဆောင်အီလစ်များ၏ အမြော်အမြင်က စကားပြောလိမ့်မည်ဟု စောဒကတက်သည်။ တကယ့်လက်တွေ့တွင် စင်ကာပူမှ လီကွမ်ယူလို ခေါင်းဆောင်မျိုးထက် ဇိုင်ယာမှ မူဘူတူလို၊ ဖိလစ်ပိုင်မှ မားကို့(စ်)လို အီလစ်တွေကိုသာ မတွေ့ချင်အဆုံး ဖြစ်နေသည်ဟုလည်း ထောက်ပြသည်။
မည်သည့်နိုင်ငံဖြစ်စေ လှိုင်းထန်လေထန်ခရီးနှင့် ကြုံရပြီဆိုလျှင်မူ "ဒီမိုကရက်တစ် တရားနည်းလမ်းကျမှု" ရှိမှသာ အသက်ဆက်ရှင်သန်နိုင်စရာ ရှိလိမ့်မည်ဟုလည်း သူက သုံးသပ်ပြပါသည်။ ၁၉၉၇-၉၈ အာရှ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်လိုက်ရသောအခါ အပြင်းထန်ဆုံး အထိနာခဲ့သည့် နှစ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားက ဘာမျှမဖြစ်။ အင်ဒိုနီးရှားမှာ ကသောင်းကနင်း ဖြစ်သွားခဲ့ရသည်။ ဘာကြောင့် ဤသို့ဖြစ်ရသနည်း မေးခွန်းထုတ်ကြည့်ရာ ထိုစဉ်က အင်ဒိုနီးရှားမှာ "တရားနည်းလမ်းကျမှု" ဘက်က အားနည်းသောကြောင့်ဟု အဖြေထုတ်ပြသည်။
ရွေးကောက်ပွဲ၏ အခန်းကဏ္ဍ
ဆက်လက်ပြီး ဖူကူယားမားက "ဒီမိုကရက်တစ်တရားနည်းလမ်းကျမှု" ဆိုသည်ကို ဆန်းစစ်ပြသည်။ "တရားနည်းလမ်းကျမှု"မှာ "တရားဥပဒေကြောင်း" သက်သက်မဟုတ်။ "လူထုထင်မြင်ချက်"နှင့် သရုပ်ထင်စေရသည်။ လူထုထင်မြင်ချက်ကို တရားဝင်စုစည်းဖော်ပြနိုင်သည်မှာ ရွေးကောက်ပွဲပင် ဖြစ်သည်ဟု သူကဆိုပါသည်။
သို့သော် ရွေးကောက်ပွဲမှာ အဆုံးပန်းတိုင်ကားမဟုတ်။ အစပြုချက်သာဖြစ်သည်။ အမှန်စင်စစ် ရွေးကောက်ပွဲဆိုသည်မှာ "မဲဆန္ဒရှင်လူထု"နှင့် "လူထုကိုယ်စားလှယ်"တို့ကြား ပဋိညာဉ်ပင်ဖြစ်သည်။ အကယ်၍ လူထုကိုယ်စားလှယ်ဘက်မှ ပဋိညာဉ်ပျက်လျှင် "အေဂျင်စီပြဿနာများ" ပေါ်တတ်သည်။ အေဂျင်စီပြဿနာ ဆိုသည်မှာ "အကျင့်ပျက်ခြစားမှု"၊ "အရှင်မွေး သူကောင်းပြုမှု"၊ "အုပ်ချုပ်ပုံ ညံ့ဖျင်းမှု" စသည်တို့ဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းဖို့ဆိုလျှင် "ဒီမိုကရက်တစ်တာဝန်ခံမှု" တည်ဆောက်ဖို့လိုလိမ့်မည် စသည်ဖြင့် သူက ဆက်လက်သုံးသပ်ပြပါသည်။
ဤတွင် သော့ချက်မှာ "ဒီမိုကရက်တစ်တာဝန်ခံမှု"ကို ဘယ်ပုံတည်ဆောက်ကြမည်နည်းဆိုသော ကိစ္စဖြစ်လာသည်။ ဖူကူယားမား၏အလိုအရ "အထိန်း၊ အထေ"တို့ဖြင့် "စည်းမျဉ်းစည်းကမ်းများ" ကို ပုံဖော်ယူရမည်ဟု ဆိုပါသည်။ ဤသည်ကို သူက "အဖွဲ့အစည်းဘောင်သွင်းခြင်း" ဟု ခြုံငုံဖော်ပြသည်။ နောက်ဆုံး "ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေး ဘယ်သင်းက အရင်စ" ငြင်းခုံနေကြသည်ထက် "ရွေးကောက်ပွဲ အပါအ၀င် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ဘယ်ပုံတည်ဆောက်ကြမည်နည်း" ဆိုသော စဉ်းစားချက်ကသာ ပို၍ အကျိုးများလိမ့်မည်ဟု နိဂုံးကောက်ချက်ချလိုက်ပါသည်။
Posted by
Ko Nyan
Posted Time
10:11 AM
0
Comment(s)
Link This
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, ဆောင်းပါး-Article, မြန်မာ-Myanmar, နိုင်ငံရေး
ဘောလုံးပွဲမှ နိုင်ငံရေးသင်ခန်းစာ - ကိုကိုလှိုင်
ဘောလုံးပွဲမှ ယူတတ်လျှင် ရနိုင်သည့် နိုင်ငံရေးသင်ခန်းစာ အများအပြားရှိသည်။ ဘောလုံးပွဲနှင့် ရွေးကောက်ပွဲတို့၌ တူညီသော သဘောသဘာဝများစွာ တွေ့နိုင်၏။ ပထမဦးစွာ ဘောလုံးပွဲများ ကျင်းပရခြင်း၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကိုကြည့်လျှင် ဘောလုံးကစားခြင်းသည် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ကာ လူအများကြံ့ခိုင် ကျန်းမာရေးအတွက်ဖြစ်သည်ဟု ဆိုသော်လည်း ဘောလုံးပွဲတစ်ခု ဖြစ်မြောက်အောင် ဆောင်ရွက်မည်ဆိုလျှင် ပထမဆုဒိုင်းဖလားဟူသော မက်လုံးတစ်ခုကို စတင်၍ ထည့်သွင်းလာကြရသည်။ ထိုမက်လုံးကို ပြထားမှသာ ပုထုဇဉ်လောကသားပီပီ အားကြိုးမာန်တက် ကစားကြမည်ဖြစ်သည်။ ဤတွင် ဘောလုံးပွဲ၌ အားကစားသက်သက် လုပ်မည်လော၊ ဒိုင်းရအောင်လုပ်မည်လောဟူသည့် လမ်းနှစ်သွယ် ပေါ်လာတော့သည်။
အချို့က ဒိုင်းရခြင်း၊ မရခြင်းသည် အရေးမကြီး၊ ဘောလုံးအားကစားကို ၀ါသနာပါ၍ ကစားခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ထိုသူများသည် အပျော်တမ်းရပ်ကွက်ဘောလုံးပွဲများ၌သာ ပျော်မွေ့သင့်သူများ ဖြစ်ဖွယ်ရှိသည်။ ဘောလုံးသမားအများစုကမူ ဘောလုံးလည်းကစားလိုသည်။ ဒိုင်းလည်းရလိုသည်ဟု ဆိုကြလိမ့်မည်။ ယင်းတို့အထဲမှ အချို့ကမူ ဒိုင်းရဖို့က အဓိကဟု ရှုမြင်ကြသည်။ ဒိုင်းရဖို့ကို ဦးတည်လိုက်သည်နှင့် တစ်ပြိုင်နက် ဒိုင်းရဖို့အတွက် တရားသဖြင့် ယှဉ်ပြိုင်မှုသာမက နည်းလမ်းအမျိုးမျိုးကို သုံးလာကြတော့သည်။
ဘောလုံးမနိုင်လျှင် လူချမည်။ ပရိသတ်နှင့်ပေါင်း၍ တစ်ဖက်အသင်းကို ဖိအားပေးမည်။ ကိုယ့်ဘက်ကမနိုင်လျှင် ခဲများ၊ တုတ်များ၊ ရေသန့်ပုလင်းများ ၀ဲပျံလာစေမည်။ တစ်ဖက်အသင်းနှင့် တိုးမိတိုက်မိလျှင် မနာပါဘဲ နာဟန်ဆောင်ကာ လဲကျအော်ဟစ်၍ ပြစ်ဒဏ်ဘောရအောင် ဖန်တီးမည်။ ဤသို့ဖြင့် အနိုင်ရဖို့ဦးတည်သော ဘောလုံးပွဲများသည် များစွာအကျည်းတန် အရုပ်ဆိုးလာသည်။
ဘောလုံးပွဲသည် အားကစားပွဲသက်သက်မှ ငွေကြေးပါသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသောအခါ အနိုင်အရှုံးသည် ပို၍ အရေးပါလာသည်။ ထိုအခါ ငွေကိုအသုံးပြု၍ မသမာသောနည်းများစွာဖြင့် အနိုင်အရှုံးကို ဖန်တီးလာသည့် ဘောလုံးသမားတို့ ခေါက်ဆွဲစားသောသတင်းများ၊ ဒိုင်လူကြီးက တစ်ဖက်အသင်းကို ပင်းသည်ဆိုသော စွပ်စွဲချက်များ ပေါ်ပေါက်လာလေ့ရှိသည်။ အသင်းတို့၏ ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်လာသလို ပရိသတ်တို့၏ အသင်းလိုက်အစွဲမှာလည်း ပို၍ ပြင်းထန်လာသည်။ ဘောလုံးကွင်းအတွင်း အသင်းနှစ်သင်း၏ ပဋိပက္ခမှ ပရိသတ်အချင်းချင်း ပဋိပက္ခအဖြစ်သို့ ကူးစက်လာတတ်သည်။ ဤသို့ဖြင့် ကွင်းတွင်း၊ ကွင်းပြင် အဓိကရုဏ်းများ ဖြစ်လာတတ်သည်။ အထူးသဖြင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်းအားနည်းသော လူ့အဖွဲ့အစည်းများ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲကြီးမားသော လူ့အဖွဲ့အစည်းများတွင် ဤသို့သော ဖြစ်ရပ်မျိုးကို ပို၍တွေ့ရတတ်သည်။ ဘောလုံးကို ဘ၀နှင့်ယှဉ်၍ မြတ်နိုးစွဲလန်းကြသော လက်တင်အမေရိကဒေသတွင် ဘောလုံးကြောင့် နှစ်နိုင်ငံ စစ်ဖြစ်ရသည်အထိပင် ရှိခဲ့ဖူးသည်။
ထို့ကြောင့်လည်း ကမ္ဘာ့ဘောလုံးပွဲများ၌ ပွဲမစမီတွင် မျှမျှတတ သန့်သန့်ရှင်းရှင်း ကစားကြပါ။ (Fair Play) ဟူသော စာတန်းကြီးကို ပထမဦးစွာ ကွင်းလယ်သို့ သယ်ဆောင်ပြသကြရခြင်း ဖြစ်သည်။
နိုင်ငံရေးနယ်ပယ်၌လည်း ဘောလုံးပွဲနှင့် အလားတူပင်ဖြစ်သည်။ ဘောလုံးပွဲ၌ ဘောလုံးအသင်းများ ပါဝင်ကစားကြသကဲ့သို့ နိုင်ငံရေး၌လည်း နိုင်ငံရေးပါတီများ ပါဝင်လှုပ်ရှားကြသည်။ ဘောလုံးပွဲ၌ ဒိုင်းဖလားဆုရရှိရေးကို ရည်မှန်း၍ ကစားကြသကဲ့သို့ နိုင်ငံရေး၌ ရွေးကောက်ပွဲအနိုင်ရရေး၊ နိုင်ငံရေးအာဏာရရှိရေးအတွက် ပါတီများက ကြိုးပမ်းကြရသည်။ ဘောလုံးပွဲ၌ ကစားနည်းဥပဒေများ၊ ဒိုင်အဖွဲ့များ ရှိသကဲ့သို့ နိုင်ငံရေး၌လည်း ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲကော်မရှင် စသည်တို့ရှိသည်။
ဘောလုံးသမားများကဲ့သို့ပင် နိုင်ငံရေးသမားများမှာလည်း ပုထုဇဉ်လူသားများသာ ဖြစ်ကြသောကြောင့် နိုင်ငံနှင့်ပြည်သူကို အကျိုးပြုရေးအတွက် နိုင်ငံရေးလုပ်ပါသည်ဟု ဆိုသော်လည်း ပါတီနိုင်ငံရေး၌ အာဏာရလိုမှုက လွှမ်းမိုးထားစမြဲဖြစ်သည်။ အချို့က နိုင်ငံရေးအာဏာရရှိရေးအတွက် ပြည်သူတို့၏ ယုံကြည်လွယ်မှုကို ရရှိစေရန် ရိုးရိုးသားသား ကြိုးစားကြသည်။ ဘောလုံးပွဲ၌ ဒီတစ်ခါ ဒိုင်းမရလျှင် နောက်တစ်ခါ ရရလိမ့်မည်ပေါ့ဟူသော ခံယူချက်ဖြင့် သန့်သန့်ရှင်းရှင်းကစားကြသလို နိုင်ငံရေး၌လည်း ဒီတစ်ခါ ရွေးကောက်ပွဲမနိုင်လျှင် နောက်တစ်ခါ အနိုင်ရအောင် ကြိုးစားမည်ဟူသော စိတ်ဓာတ်ဖြင့် အတိုက်အခံပါတီဘ၀၌လည်း မှန်မှန်ကန်ကန် ကျေကျေနပ်နပ် ရပ်တည်နိုင်ကြသည်။
အတ္တကြီးသော နိုင်ငံရေးသမားများမှာမူကား နိုင်ငံရေးအာဏာရရှိရေးအတွက် ရနိုင်သမျှ နည်းလမ်းမျိုးစုံကို အသုံးပြုကာ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်တတ်ကြသည်။ ရွေးကောက်ပွဲ နီးလာလျှင် အားကြီးသူက အားနည်းသောပြိုင်ဘက်ကို နည်းမျိုးစုံဖြင့် ရှင်းသည်။ အားနည်းသောအုပ်စုက ရွေးကောက်ပွဲနိုင်မည် မဟုတ်ဟုထင်လျှင် မပျက်ပျက်အောင် ဖျက်တတ်သည်။ ရွေးကောက်ပွဲကာလအတွင်း၌ မသမာမှုမျိုးစုံကို လုပ်ကိုင်တတ်ကြသည်။ ရွေးကောက်ပွဲပြီးလျှင် ရှုံးသောသူက နိုင်သောသူကို မတရားသဖြင့် အနိုင်ရခြင်းဖြစ်သည်ဟု (ဘောလုံးပွဲ၌ ရှုံးသောသူက ဒိုင်ကိုပုံချသည့်နည်းတူ) စွပ်စွဲကြပြန်သည်။ ဤသို့ နိုင်ငံရေးသမားသည် အားပြိုင်သည့်နေရာ၌ ပရိသတ်နှင့်တူသော ပြည်သူလူထုက အသိပညာ ဆင်ခြင်တုံတရား မပြည့်ဝခဲ့လျှင် အစွဲတစ်မျိုးမျိုးဖြင့် နိုင်ငံရေးသမားများ လှုံ့ဆော်ရာနောက်သို့ လိုက်ပါသွားကာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို နိုင်ငံရေးသမားတို့က တုတ်လုပ်၍ ရိုက်သည့်အခါ တုတ်အဖြစ် ပါဝင်မိတတ်ကြလေသည်။
နိုင်ငံရေးနှင့်ငွေကြေး ပေါင်းစပ်ပါဝင်လာသည့် လစ်ဘရယ်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်တို့၏ ရင်သွေးဖြစ်သော ပါတီစုံရွေးကောက်ပွဲတို့၌မူ ပြိုင်ဆိုင်မှုက ပို၍ပြင်းထန်လာသည်နှင့်အမျှ ငွေကြေးကုန်ကျမှုကလည်း ပိုမိုများပြားလာကာ ငွေနှင့်အာဏာပေါင်းစပ်၍ မဖြစ်သင့်သည်များက ဖြစ်လာကြတော့သည်။ ရေပေါ်ဆီနိုင်ငံရေး Political Elitism ထွန်းကားလာတော့သည်။ များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အစဉ်အလာ နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားသော အပေါ်ထပ်လွှာ လူတန်းစားတို့ကသာ ယင်းအာဏာကို လက်မလွှတ်စတမ်း ခွဲဝေရယူကာ အုပ်စီးထားတတ်ကြသည်။ အိန္ဒိယနိုင်ငံ၌ ကွန်ဂရက်ပါတီ၊ ဘီဂျေပီပါတီကဲ့သို့သော ပါတီကြီးများ၊ ပါကစ္စတန်၌ ပီပီပီ၊ အမျိုးသားမွတ်စလင်အဖွဲ့ချုပ် စသောပါတီကြီးများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား၊ ထိုင်းနိုင်ငံ စသည်ဖြင့် ပတ်ဝန်းကျင်၌ လက်ညှိုးထိုးမလွဲအောင် တည်ရှိနေသော နိုင်ငံများစွာတို့၌ နိုင်ငံရေးခေါင်းဆောင်များကိုကြည့်လျှင် မြေရှင်ကြီးများ၊ စက်မှုလုပ်ငန်းရှင်ကြီးများ၊ နိုင်ငံ့ခေါင်းဆောင်ဟောင်းတို့၏ မျိုးဆက်များ၊ အဆင့်မြင့်အရာရှိ အငြိမ်းစားပုဂ္ဂိုလ်များ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ စသည်ဖြင့် အပေါ်ထပ်အလွှာမှ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်ကို တွေ့ရပေလိမ့်မည်။
ထိုပုဂ္ဂိုလ်များတွင် တိုင်းပြည်အကျိုး၊ လူထုအကျိုးအတွက် စေတနာမှန်မှန်ဖြင့် လုပ်ကိုင်ဆောင်ရွက်သူများလည်း ရှိသည်။ ကိုယ်ကျိုးစီးပွား၊ မိမိပါတီအဖွဲ့အစည်း အာဏာရရှိရေး၊ တည်မြဲရေးအတွက်သာ ပိုမိုဦးစားပေး လုပ်ကိုင်သူများလည်း ရှိသည်။
ထိုသို့နိုင်ငံရေးသမားချင်း အမျိုးအစား ကွာခြားသည်နှင့်အမျှ နိုင်ငံအလိုက် နိုင်ငံရေးတည်ငြိမ်မှုနှင့် တိုးတက်ဖွံ့ဖြိုးမှုချင်းလည်း ကွာဟတတ်လေသည်။
ဘောလုံးပွဲ၌ အားကစားနှင့်ငွေကြေး မရှိမဖြစ် ပေါင်းစပ်ရသော်လည်း ငွေကြောင့် အားကစား၏အနှစ်သာရကို မပျောက်ရအောင် ထိန်းသိမ်းမှုများ ရှိကြသလို နိုင်ငံရေး၌လည်း အာဏာနှင့်ငွေပေါင်းစပ်မှုကို တလွဲမသုံးမချနိုင်အောင် ထိန်းသိမ်းကြရသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံများ၌ စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံရေးသမားများကို ငွေနှင့်ပေါက်၍ မ၀ယ်နိုင်စေရန် ရွေးကောက်ပွဲရန်ပုံငွေ ကောက်ခံမှုကို ဥပဒေစည်းကမ်းများဖြင့် တင်းတင်းကျပ်ကျပ် ထိန်းသိမ်းလေ့ရှိသည်။ လုံးဝအောင်မြင်သည်ဟု မဆိုနိုင်သည့်တိုင်အောင် အဟန့်အတားတစ်ခုတော့ ဖြစ်သည်ဟု ဆိုနိုင်သည်။
နောက်တစ်နည်းထိန်းသိမ်းနိုင်ပုံကား ပြည်သူလူထု၏ အသိစိတ်ဓာတ် ပြည့်ဝရင့်ကျင်မှုပင်ဖြစ်၏။ ရွေးကောက်ပွဲ၌ ငွေကြေးသုံးစွဲနိုင်လျှင် ငွေအား လူအားဖြင့် ဆောင်ရွက်နိုင်သည်မှန်သော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးမှာမူ ပြည်သူလူထု၏ ရွေးချယ်မှုကသာလျှင် အဓိကဖြစ်လေသည်။
ထို့အပြင် အဆင့်အတန်းရှိသော ပရိသတ်ရှေ့မှောက်၌ မတရားသောနည်းဖြင့် အနိုင်ကစားလိုသော ဘောလုံးအသင်းများ မျက်နှာမလှဖြစ်ကြရသကဲ့သို့ အသိပညာ ဆင်ခြင်တုံတရားရှိသော ပြည်သူလူထုမဲဆန္ဒရှင်များ တိုးပွားလာသည်နှင့်အမျှ ရွေးကောက်ပွဲမသမာမှုများ နည်းပါးလာသည်။ ပလေယာများကလည်း ကစားနည်းစည်းမျဉ်းစည်းကမ်း ဘောင်အတွင်းမှာ သန့်ရှင်းစွာ ယှဉ်ပြိုင်ရန် ကြိုးစားလာကြသည်။ ရွေးကောက်ပွဲအနိုင်အရှုံးရလဒ်များကို ကျေကျေနပ်နပ် တည်တည်ငြိမ်ငြိမ် လက်ခံကြသည်။
ထိုသို့တည်ငြိမ်လာခြင်းမှာ အနိုင်မလိုချင်၍ကား မဟုတ်။ စည်းကမ်းတကျ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ပို၍ လိုလားသောကြောင့်သာဖြစ်၏။ ရွေးကောက်ပွဲဖြစ်စေ၊ ဘောလုံးပွဲဖြစ်စေ အနိုင်နှင့်အရှုံးကား ရှိနေမည်သာဖြစ်၏။ အရေးကြီးသည်မှာ ပြိုင်ဘက်ကို ရန်ဘက်အဖြစ် သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူများအဖြစ် သဘောထားနိုင်ရန်သာ ဖြစ်ပေသည်။
Posted by
Ko Nyan
Posted Time
10:06 AM
0
Comment(s)
Link This
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, ဆောင်းပါး-Article, မြန်မာ-Myanmar, နိုင်ငံရေး
Thursday, November 05, 2009
တွေးမိတွေးရာ - ကိုဉာဏ် (ပန်းလောင်မြေ)
(၁)
စည်းလုံးညီညာအောင်ကြောင်းဖြာ။ တစ်ယောက်အားဖြင့်ယူသော်မရ၊ တစ်သောင်းအားဖြင့်ယူသော်ရ၏တဲ့။ ရှေးအစဉ်အဆက်က ပညာရှိကြီးတွေ၊ လူကြီးသူမတွေ ပြောခဲ့တာပဲ။ မှန်တာမှ သွေးထွက်အောင်မှန်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ချောက်ချီးချောက်ချက် အတွေ့အကြုံတွေအရ ပြောရရင်တော့ ညီညွတ်အောင် စည်းရုံးစုစည်းရတာဟာ အတော်ခက်တာကလား။ တစ်ယောက်က ခေါင်းဆောင်ပေမယ့် နောက်လိုက်ကောင်းလည်း မလုပ်ချင်ဘူး၊ ခေါင်းဆောင်လုပ်ပါဆိုတော့လည်း လက်မခံဘူး။ ခေါင်းဆောင်လည်း မဟုတ်ဘူး၊ နောက်လိုက်လည်း မလုပ်ဘူးဆိုတဲ့ ခြေနှစ်ချောင်းတည်းရှိပေမယ့် ဂဏန်းဖြစ်နေတဲ့လူတွေ ဘယ်လောက်များနေပြီလဲဆိုတာကို စာရင်းကောက်ကြည့်ရင်ကောင်းမှာပဲလို့ တွေးနေမိတယ်။
(၂)
ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတယ်။ တရုတ်နိုင်ငံက ပညာရှင်အဖွဲ့တွေခွဲပြီး နိုင်ငံအသီးသီးကို စေလွှတ်မယ်ဆိုတဲ့ သတင်းပါ။ ၁၉ ရာစုလောက်က ပျောက်ဆုံးသွားခဲ့တဲ့ သူတို့နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကို ရှာဖွေဖို့ပါတဲ့။ အတော်လေးစိတ်ဝင်စားမိတယ်။ တစ်လက်စတည်း ကျွန်တော်တို့နိုင်ငံက ရှေးဟောင်းအမွေအနှစ် အဖိုးတန်ပစ္စည်းတွေကို မျက်နှာပြောင်တိုက် ယူသွားခဲ့ပြီး သူတို့နိုင်ငံရဲ့ ပြတိုက်ကြီးတွေမှာ အခန့်သားပြသထားတာကို ပိုက်ဆံပေးပြီး သွားကြည့်နေကြတဲ့ ကိုရွှေမြန်မာတို့အနေနဲ့ ဘာခံစားချက်မှ မဖြစ်ကြဘူးလား၊ ငါတို့ညံ့ခဲ့လို့ ခံခဲ့ရတာပဲလေလို့ ဖြေတွေးနေကြလို့လား၊ တို့ဆီမှာရှိနေတာထက်စာရင် ဒီလိုနေရာတွေမှာရောက်နေတာက ပိုပြီးလုံခြုံပါတယ်လို့ ယူဆနေကြလို့လားလို့ တွေးနေမိတယ်။
(၃)
အခုတလော နာမည်ကြီးပညာရှင်တွေ၊ အနုပညာရှင်တွေ၊ အထင်ကရပုဂ္ဂိုလ်တွေ ဆုံးပါးကွယ်လွန်တာ အတော်လေးများတာကို သတိထားမိတယ်။ သူတို့တွေအတွက် ၀မ်းနည်းကြောင်းထည့်တာတွေ၊ အမှတ်တရပွဲတွေ လုပ်ပေးတာတွေ၊ သတိတရအမှတ်ရစရာတွေ ပြန်လည်ရေးသားပြောဆိုကြတာတွေကို မြင်နေ၊ တွေ့နေ၊ ဖတ်နေ၊ ကြားနေရတယ်။ ငါတို့အားလုံးလည်း တစ်နေ့သေကြရမှာပါလား၊ သတင်းစာထဲက နာရေးကြော်ငြာမှာ နေ့စဉ်နေ့တိုင်း လူတွေအများကြီးပါနေတာပါပဲ၊ အဲဒီနေရာမှာ ငါတို့နာမည်တွေ ပါတဲ့အချိန်မှာ အခုငါတို့လွမ်းဆွတ်နေကြသလို၊ အခုငါတို့ နှမြောနေကြသလို ကျန်ခဲ့တဲ့လူတွေက ငါတို့ကို နှမြောသတ လွမ်းဆွတ်သတိရကျန်ရစ်ခဲ့အောင် ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာ စဉ်းစားမိကြရဲ့လားလို့ တွေးနေမိတယ်။
(၄)
ဗင်နီဇွဲလားသမ္မတက သူ့နိုင်ငံသူ၊ နိုင်ငံသားတွေကို ရေချိုး၊ အ၀တ်လျှော်တွေ ပြုလုပ်ကြရာမှာ အချိန်သုံးမိနစ်ကြာသာ ပြုလုပ်ကြဖို့ တိုက်တွန်းထားတဲ့သတင်းလေးကလည်း အတွေးတွေပွားစေခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ရေချိုတွေရှားပါးလာတာဟာ ထိပ်တန်းရောက်လာတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့မြန်မာလူမျိုးတွေက သင်္ကြန်ကာလမှာ ရေတွေတ၀ုန်းဝုန်း၊ တဗွမ်းဗွမ်းနဲ့ လမ်းတွေပေါ် လောင်းချင်တိုင်းလောင်း၊ ပက်ချင်တိုင်းပက်နေကြတာတွေကိုများမြင်ရင် အဲဒီသမ္မတ ဘာများပြောမလဲလို့ ခေါင်းခြောက်ခံပြီး တွေးနေမိကြောင်းပါ။
(၅)
ရုပ်ရှင်မစခင် နိုင်ငံတော်အလံပြတဲ့အချိန်မှာ အားလုံးမတ်တတ်ရပ်ပြီး အလေးပြုကြပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က မတ်တတ်မရပ်တဲ့အပြင် ရပ်တဲ့လူတွေကိုတောင် အဓိပ္ပါယ်တစ်မျိုးပေါက်တဲ့ အကြည့်နဲ့ကြည့်တဲ့ လူတွေကို တွေ့လိုက်ရတယ်။ နာမည်ကြီး စေတီတော်တစ်ခုကို သွားတဲ့အချိန်မှာ စောင်းတန်းတစ်လျှောက် အမျိုးကောင်းသားသမီးလေးတွေ ဟိုနေရာတစ်တွဲ၊ ဒီနေရာတစ်တွဲ ကလူ၏သို့ မြူ၏သို့ လုပ်နေကြတာကို တွေ့ရပါတယ်။ စေတီတော်အပေါ်ရောက်တော့လည်း ခေတ်ရဲ့သမီးပျိုတွေဟာ ဖြူဝင်းသွယ်လျတဲ့ ပေါင်တံလေးတွေ၊ ပြောင်ရှင်းသွယ်ဝိုက်တဲ့ ရင်ဘတ်ဖြူဖြူကလေးတွေ၊ လေပြေအတိုက် ဆံနွယ်အလွင့်မှာ ဖြူစင်ဝင်းပတဲ့ ကျောပြင်ကျယ်ကြီးတွေနဲ့ လှချင်တိုင်းလှနေကြတာကို တွေ့ရပါတယ်။ "ကျွန်တော့်နိုင်ငံရဲ့ မကောင်းကြောင်းကို ကျွန်တော်ပဲပြောမယ်၊ အခြားလူမျိုးတွေပြောရင် မကြိုက်ဘူး"ဆိုတဲ့ ရုရှားဟာသတစ်ပုဒ်ကို မရယ်ဘဲ လေးလေးနက်နက် ပြန်တွေးနေမိတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၂၆ မိနစ်တွင် ပြီး၏။
Posted by
Ko Nyan
Posted Time
1:39 PM
0
Comment(s)
Link This
Labels ကျွန်တော့်အတွေးများ
ယနေ့နိုင်ငံရေးအခြေအနေနှင့် ကျွန်တော့်သဘောထား - သခင်တင်မြ
နိုင်ငံရေးအခြေအနေ
၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပရာတွင် မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း သမ္မတအိုဘားမား အစိုးရသည် မြန်မာနိုင်ငံအပေါ် အချိန်ကြာမြင့်စွာ သတ်မှတ်ပြဋ္ဌာန်းခဲ့သော စီးပွားရေး နိုင်ငံရေးပိတ်ဆို့မှု မူဝါဒကို ပြန်လည်သုံးသပ်ကာ ပိုမိုပွင့်လင်းသော ဆက်ဆံရေးများထူထောင်ကာ နီးနီးကပ်ကပ် ဆက်ဆံရန် ဆန္ဒရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောဆိုခဲ့ခြင်းနှင့် အမေရိကန်ပြည်ထောင်စုအနေနှင့် တစ်ဖက်မှ စီးပွားရေးပိတ်ဆို့ Sanction လုပ်ထားစေကာမူ ယခုအချိန်တွင် မြန်မာ့တပ်မတော်အစိုးရနှင့် တိုက်ရိုက်တိုးမြှင့် ဆက်ဆံသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
သမ္မတအိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် သဘောထားပထမပိုင်းသည် ကြိုဆိုထောက်ခံသင့်သော်လည်း ဒုတိယပိုင်းဖြစ်သည့် အမေရိကန်ပြည်ထောင်စု (အစိုးရ)အနေနှင့် တစ်ဖက်မှ စီးပွားရေးပိတ်ဆို့ Sanction ဆက်လုပ်ထားဦးမည်ဟူသော သဘောထားသည် မှန်ကန်သည့်သဘောထား မဟုတ်ပေ။ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် သဘောထားသာဖြစ်သဖြင့် မူမမှန်ဟု ဆိုနိုင်ပေသည်။ မထောက်ခံနိုင်ပေ။
နိုင်ငံရေးတွင် တစ်ဖက်မှတစ်ဖက်သို့ အကျပ်ကိုင်ခြင်းသည် မပြုသင့်သောအရာသာ ဖြစ်ပါသည်။ အကျပ်ကိုင်ခြင်းဖြင့် ဆိုးကျိုးသာ ရနိုင်ပါသည်။ လူတိုင်း အကျပ်ကိုင်မခံလိုကြပါ။ ကောင်းသောတုံ့ပြန်မှုကို ရလိုပါက မေတ္တာတရားထားရမည် ဖြစ်ပါသည်။ မြန်မာစကားတွင် "သူမေဒါ(မေတ္တာ)ရှိမှ ငါ့မေဒါ(မေတ္တာ)ရှိမည်" ဟု ရှိပါသည်။ ကိုယ်ကသာ မေတ္တာခံယူလိုပြီး သူတစ်ပါးအပေါ် မေတ္တာမထားသူသည် လူ့လောကနှင့် မထိုက်တန်သူသာ ဖြစ်ပေမည်။
စီးပွားရေးပိတ်ဆို့မှုသည် မမှန်
နှစ်များစွာပင် အမေရိကန်နှင့် ဥရောပ(E.U) အစိုးရတို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်စွက်၍ စီးပွားရေး၊ နိုင်ငံရေးအရ တားဆီးပိတ်ဆို့ခြင်း Sanction ပြုခဲ့ကြသည်။ ဤသို့ပြုခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးရေးကို အားပေးရာရောက်သည်ဟု မှားယွင်းစွာ ယုံကြည်ခဲ့ကြသည်။ ရလဒ်မှာ ပြောင်းပြန်ဖြစ်ခဲ့သည်။
အမေရိကန်နှင့် ဥရောပ(E.U) အစိုးရတို့၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုသည် သူတို့ရည်ရွယ်သည့် တပ်မတော်အစိုးရကို ထိခိုက်သည်ကနည်းနည်း၊ စက်ရုံ အလုပ်ရုံများ ပိတ်ရသဖြင့် ဆင်းရဲသားအလုပ်သမားများ သိန်းချီ၍ အလုပ်လက်မဲ့ဖြစ်၊ လုပ်ခမရကြသဖြင့် ဆင်းရဲငတ်ပြတ်မှုဒဏ် ခံကြရသည်။
ဤအဖြစ်သည် "ခုတ်ရာတခြား၊ ရှရာတစ်လွဲ" ဖြစ်ခဲ့ခြင်းပင်။ ဤသို့ အကျပ်ကိုင်ခြင်းဖြင့် ဒီမိုကရေစီဖွံ့ဖြိုးထွန်းကားလာသည်ဟု ကမ္ဘာတွင် တစ်ခါဖူးမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။
ယနေ့အမေရိကားတွင် အာဏာရနေသည့် အိုဘားမားအစိုးရသည် ယခင်အစိုးရနှင့်မတူဘဲ မိမိတို့၏ ဆောင်ရွက်ခဲ့သော အလုပ်များကို ပြန်လည်ဆန်းစစ်ခြင်းအမှု ပြုလာသည်ကို ကြိုဆိုရမည်ဖြစ်ပါသည်။
ယခင်ဘု(ရှ်) အစိုးရတုန်းက ကုလသမဂ္ဂအဖွဲ့ကြီး၏ ဆန္ဒမပါဘဲ အီရတ်ကို ၀င်တိုက်ခြင်း၊ ပြည်သူလူထု၏ သဘောတူညီမှုကို ရယူခြင်းမပြုဘဲ၊ ကမ္ဘာ့ရေးရာများတွင် ၀င်ရောက်စွက်ဖက်ခြင်းတို့ကြောင့် ပြီးခဲ့သော သမ္မတရွေးကောက်ပွဲတွင် ဘု(ရှ်)၏ ရီပတ်ဘလီကန် သမ္မတလောင်း ဂျွန်မက္ကိန်း ရှုံးနိမ့်ပြီး ဒီမိုကရက်တစ် သမ္မတလောင်း အိုဘားမား အနိုင်ရခဲ့ခြင်း ဖြစ်ပေသည်။
စီးပွားရေးပိတ်ဆို့ခြင်းကို ဆန့်ကျင်သူ
များမကြာမီက မြန်မာပြည်သို့ရောက်လာပြီး နေပြည်တော်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ခံစကားပြောခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ်၊ အာရှနှင့် ပစိဖိတ်ရေးရာအဖွဲ့ ဥက္ကဋ္ဌ မစ္စတာဂျင်မ်ဝက်ဘ်သည် အမေရိကန်အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေးပိတ်ဆို့မှု Sanction ကို အမြဲဝေဖန်ထောက်ပြခဲ့သူ ဖြစ်ပေသည်။ ဤအခြေအနေတို့ကြောင့် အိုဘားမားအစိုးရသည် အမေရိကန်ပြည်သူတို့၏ ဆန္ဒနှင့်အညီ အမေရိကန်ပြည်ထောင်စုအစိုးရ၏ ပေါ်လစီများကို ပြန်လည်စဉ်းစားခဲ့ခြင်း ဖြစ်ပေသည်။
အပြောင်းအလဲတွင် ပဓာနအကြောင်းတရား
လောကကြီးသည် ရပ်နားသည်မရှိ အစဉ်ပြောင်းလဲနေပေသည်။ မြတ်ဗုဒ္ဓကလည်း အရာရာတိုင်းသည် နိစ္စမရှိ၊ အနတ္တသာတည်းဟု မိန့်မှာခဲ့သည်။ အရာဝတ္ထုတိုင်း အပြောင်းအလဲဘာကြောင့် ဖြစ်ခဲ့သနည်းဟု ဆန်းစစ်သော် ပြောင်းလဲမှုကို စေ့ဆော်ဖန်တီးသည့် အကြောင်းတရားသည် အတွင်းအဇ္ဇျတ၏ အဓိကစေ့ဆော်မှုကြောင့်သာ ဖြစ်ရသည်။ ထို့ကြောင့် ပြောင်းလဲမှု၏ ပဓာနသည် အတွင်းအဇ္ဇျတပြောင်းလဲခြင်းသည် အဆုံးအဖြတ် Determing Factor ဖြစ်ပြီး၊ ပြောင်းလဲမှုအတွက် အပြင်အပ ပယောဂသည်ကား အထောက်အကူ Conditioning Factor သာဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုကို မြန်မာတို့ကသာ စီမံဖန်တီးနိုင်မည်ဖြစ်ပါသည်။ မြန်မာတို့ ဆိုရာတွင်လည်း အများစုပြည်သူလူထုကြီး၏ ဒီမိုကရေစီသက်ဝင်ယုံကြည်မှု ဖော်ဆောင်နိုင်မှု အဆင့်အတန်းအပေါ်တွင် တည်မှီနေပေသည်။
ပြည်သူလူထု၏ နိုင်ငံရေးနိုးကြားမှု အဆင့်မြင့်လျှင်မြင့်သလို ဒီမိုကရေစီအခြေအနေလည်း မြင့်ခြင်းနိမ့်ခြင်း ဖြစ်လာပေမည်။ ထို့ကြောင့် "တိုင်းပြည်တစ်ပြည်တွင် ပြည်သူတို့နှင့် ထိုက်တန်သည့် အစိုးရကိုသာ လက်ခံရရှိမည်"ဟု ကမ္ဘာ့နိုင်ငံရေးသုခမိန်တို့က ဆိုခဲ့ခြင်းဖြစ်သည်။
ယုံကြည်မှုတည်ဆောက်ခြင်း
မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးလက်ရှိအခြေအနေမှ ဖွံ့ဖြိုးတိုးတက်လိုပါက မြန်မာနိုင်ငံသားတိုင်း လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ညီညာဖျဖျ၊ တက်ညီလက်ညီဖြင့် နိုင်ငံအကျိုးကို သယ်ပိုးကြရမည် ဖြစ်ပါသည်။
ယနေ့မြန်မာပြည်တွင် နိုင်ငံသားတိုင်းလိုလားသည့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးပြုနေသည့်အရာမှာ အမျိုးသားအချင်းချင်း နိုင်ငံရေးအယူအဆများ သဘောလွဲနေခြင်းသည် ပင်မအကြောင်းတရားပင် ဖြစ်ပါသည်။
ဤအကြောင်းတရားကို နိုင်ငံသားတိုင်းအချင်းချင်း ယုံကြည်မှုတည်ထောင်နိုင်မှသာ နိုင်ငံသားတိုင်းက တောင့်တလိုလားနေသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တဖြည်းဖြည်း ပေါ်ထွန်းလာမည်ဖြစ်သည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ မကြာခဏ တွေ့ဆုံဆွေးနွေးခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ခြင်းပင်ဖြစ်သည်။ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်(မ်)၀က်(ဘ်)၏ မေတ္တာရပ်ခံမှုအရ ပြစ်မှုကျူးလွန်သဖြင့် ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ်ကျခံနေရသော ဂျန်ဝီလီယံယက်တောကို တပ်မတော်အစိုးရက လွတ်ငြိမ်းခွင့်ပေး၍ လွှတ်ပေးခဲ့သည်မှာ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ခြင်းပင် ဖြစ်ပေသည်။
ဤသို့ယုံကြည်မှုတည်ဆောက်ကြရာမှတဆင့် အမေရိကန်၊ ဥရောပ(E.U) အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့ အကြားတွင် တစ်ဦး၏အခက်အခဲကို တစ်ဦးနားလည်သိရှိပြီး သဘောကွဲလွဲမှုများ တဖြည်းဖြည်းပပျောက်သွားမည်ဟု ယုံကြည်လျက်။
Posted by
Ko Nyan
Posted Time
1:35 PM
0
Comment(s)
Link This
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, ဆောင်းပါး-Article, မြန်မာ-Myanmar, နိုင်ငံရေး
ချစ်လို့စတာတဲ့၊ ကျွန်တော်ကလည်း ချစ်လို့ရေးတယ်ဗျာ (ရုပ်ရှင်ဝေဖန်သုံးသပ်ချက်)
(မနေ့က အဆင်မပြေဖြစ်ခဲ့တဲ့ ရုပ်ရှင်ကြည့်ဖို့ကိစ္စဟာ ဒီနေ့တော့ အထမြောက်သွားပါတယ်။ လူပြောများလွန်းတာကြောင့်မို့ပါ။ ရယ်ရတယ်၊ ကောင်းတယ်ဆိုတဲ့အတွက် အားရပါးရ ရယ်ချင်နေတဲ့ ကျွန်တော့်အတွက် စိတ်ဝင်စားစရာပေါ့ဗျာ။ ဒါပေမယ့် သိပ်ပြီးအများကြီးတော့ မမျှော်လင့်ထားပါဘူး။ အကြည်တော်ကြောင့်ပါ။ ဘာပုဂ္ဂိုလ်ရေးကြောင့်မှမဟုတ်ဘဲ အဲဒီစာရေးဆရာကို သိပ်ပြီးမကြိုက်လှပါဘူး။ အလကားနေရင်း မကြိုက်တာမဟုတ်ပါ။ သူရေးပြီးခဲ့သမျှ စာအုပ်အကုန်လုံးလောက်နီးနီးကို ဖတ်ဖူးပါတယ်။ မဆိုးဘူးလို့ ဆိုရမယ့် စာအုပ်အချို့နဲ့ ဘီလူးကလွဲရင် ကျန်တဲ့စာအုပ်တွေကို လုံးဝမကြိုက်ပါ။ အတင်းအဓမ္မ ကလိထိုးထားတာတွေသာ များနေပါသည်။ ကြူမွှေးတို့၊ သော်တာဆွေတို့ စာအုပ်တွေကို ဖတ်ရင်းရယ်ရတာနဲ့ အတော်ကြီးကိုကွားခြားပါသည်။ ထားလိုက်ပါတော့။ အခုဟာက ဇာတ်လမ်း၊ ဇာတ်ညွှန်း အကြည်တော် ဆိုတဲ့အတွက် ပေါတောတောပဲ ဖြစ်မှာပါလို့တော့ တွေးမိပြီးသားပါ။ ဒါပေမယ့် ပြပြီးခဲ့တဲ့လေးရက်လုံး ရုပ်ရှင်ရုံရှေ့မှာ စက်ဘီး၊ ဆိုင်ကယ်တွေ များပြားစွာနဲ့ လာရောက်အားပေးနေတဲ့အတွက် ဘာတွေများ ကြိုက်နေကြသလဲ ဆိုတာကို စိတ်ဝင်စားတယ်ဆိုတာက ကျွန်တော့်ရဲ့ ရုပ်ရှင်ကြည့်ရခြင်း မူလရည်ရွယ်ချက်ဖြစ်ကြောင်းပါ။ ဒုတိယရည်ရွယ်ချက်ကတော့ ဟာသကားလို့ဆိုတဲ့အတွက် ရယ်ချင်လို့ပါ။
ကဲပါ။ ဇာတ်ကားနဲ့ ပတ်သက်တာလေးတွေကို အရင်ကြည့်ရအောင်ပါ။
ဇာတ်ကားအမည် - ချစ်လို့စတာ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဒါရိုက်တာ - သိန်းဟန်(ဖီးနစ်)
သရုပ်ဆောင် - ကျော်ရဲအောင်၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ တင့်တင့်ထွန်း၊ ဗေလုဝ၊ ဘရိတ်ကီ၊
ဇာတ်လမ်းအကျဉ်း
စိန်ထုပ်တစ်ထုပ်ကိုအကြောင်းပြုပြီး ဖြစ်လာတဲ့အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ထားတယ်လို့ ပြောရမလားမသိပါဘူး။ တကယ့်ကို ပေါက်ကရ သပွတ်အူဇာတ်လမ်းပါ။
သုံးသပ်ချက်
ရုပ်ရှင်ကို ရုပ်ရှင်လို့ သဘောထားတာမှန်ပေမယ့် ဘာမှန်းမသိတဲ့၊ အဓိပ္ပါယ်မရှိတဲ့၊ တောင်စဉ်ရေမရ ပေါက်ကရတွေ ရိုက်ပြတာကတော့ အတော်လေးကို အဆင့်အတန်းမရှိဘူးလို့ မြင်ပါတယ်။ ရယ်စရာအကွက်တွေ မဖြစ်ဖြစ်အောင် ဇာတ်ညွှန်းခွဲပြီး လုပ်စားထားတဲ့ဇာတ်ကားလို့ မြင်မိပါတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကြုံတဲ့နေရာ၊ ကြုံတဲ့အချိန်မှာ သီချင်းဆိုတယ်။ ဇာတ်လမ်းက ဘာမှမရှိတဲ့အတွက် အပေါစားအကွက်တွေအနေနဲ့ မင်းသမီးတွေကို ရေကူးခိုင်းတယ်။ ဇာတ်ရံတွေကို ခဏခဏရန်ဖြစ်ခိုင်းပြီး အတင်းကလိထိုးတယ်။ အတည်ပေါက်ဖိုက်တင်ချနေရင်းနဲ့ ရယ်ရတဲ့ ဂျက်ကီချန်းကားတွေ ဒီလောက်အများကြီးရှိပါတယ်ဗျာ။ အသစ်မထွင်ချင်ရင်တောင် အဲဒီကားတွေထဲကနေ တိုက်ရိုက်ကူးချဦး အတော်လေး အဆင့်ရှိဦးမယ်။ အခုဟာက တကယ့်ကို ကလေးကလား။ ကြည့်ပြီးတဲ့လူတွေက ကြိုက်ကြတယ်ဆိုတာ မင်းသားတွေ၊ မင်းသမီးတွေကို ခပ်လန်းလန်းစတိုင်လ်တွေနဲ့ မြင်ရလို့ဆိုတာကို သဘောပေါက်သွားတယ်။ တစ်လက်စတည်း အင်တာနက်မှာ ကြည့်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံတွေဟာလည်း ဒီဇာတ်ကားထဲမှာ ရေကူးတဲ့အခန်းတွေထဲကဆိုတာ သိလိုက်ရတယ်။ အင်း…. ခဏခဏ ငြီးသံကြားရတယ်။ ရုပ်ရှင်ဆင်ဆာအဖွဲ့က ဟိုဟာလည်းဖြတ်၊ ဒီဟာလည်းဖြတ်၊ ဟိုကန့်သတ်၊ ဒီကန့်သတ်နဲ့တဲ့။ ကျွန်တော်မြင်တာပြောမယ်နော်။ ကန့်သတ်ထားလို့ တော်သေးတာပေါ့ဗျာ။ ရိုက်ချင်သလိုရိုက်ဆိုပြီးသာ လွှတ်ပေးထားလို့ကတော့ အတော်လေးကို ကြည့်ကောင်းမယ့်အမျိုးဗျို့။ အခုလို ကန့်သတ်ထားတာတောင် အတော်လေးကြည့်ကောင်းနေပြီလေဗျာ။
အကြိုက်ဆုံးအခန်းတွေ
အိန္ဒြာကျော်ဇင်သရုပ်ဆောင်တဲ့ အခန်းတွေကို သဘောကျတယ်။ မျက်နှာအမူအရာတွေနဲ့ စကားပြောဟန်တွေဟာ လာကြည့်တဲ့ ပုရိသတွေရဲ့ရင်ကို မရိုးမရွဖြစ်စေတယ်။ "ဟင်း" ဆိုတဲ့ သက်ပြင်းကြီးတွေ ချရစေတယ်။ နောက် အလကားနေရင်း ခဏခဏပြနေတဲ့ ရေကူးဆရာမတင့်တင့်ထွန်းနဲ့ အိန္ဒြာကျော်ဇင် ရေကူးတဲ့အခန်းတွေကို သဘောကျတယ်။ အထူးသဖြင့်ကတော့ မတင့်ကြီးပဲ။ ဒါရိုက်တာက ဒီလိုလေးဝတ်ပါလားလို့မှ ပြောရရဲ့လားလို့ တွေးမိတယ်။ ဘယ်အချိန်ကတည်းက ဒီလိုဇာတ်ဝင်ခန်းတွေ ရိုက်ချင်နေသလဲမသိဘူးလို့ တွေးမိလောက်အောင်ကို ဖြစ်သွားရတယ်။ အေးပေါ့လေ၊ သူ့မှာရှိတဲ့ အလှအပလေးတွေကို အခြားလူတွေသိအောင် ပြချင်ရှာပေမပေါ့လို့ ဖြေတွေးလိုက်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာကို ကြော်ငြာနေသလားမသိပါဘူး။ နေတိုး စကားပြောတာတို့၊ ကျော်ရဲအောင်ကြီး ပေါတောတောလုပ်တာတို့၊ ဗေလုဝကြီး အတင်းကလိထိုးတာတို့၊ ဘရိတ်ကီ အူကြောင်ကြားလုပ်တာတို့ကို ကျွန်တော်ဘယ်ကြိုက်ပါ့မလဲဗျာ၊ ဟုတ်တယ်မလား။း)
အင်း…. ပြောရရင်တော့ ရယ်ချင်လို့သွားကြည့်တာပါဗျာ။ ဒါပေမယ့် မရယ်ခဲ့ရဘဲ သက်ပြင်းတွေချ၊ တံတွေးတွေမြိုချ၊ ရင်တွေမောပြီး ပြန်လာခဲ့ရတယ်။ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်ကို အထင်သေးလိုက်တာဆိုပြီး အတော်လေး ဒေါသထွက်သွားတယ်။ သူကတော့ ချစ်လို့စတာလို့ ဇာတ်ကားနာမည်မှာကတည်းက ပြောထားသားဗျနော်။ သူတို့ချစ်လို့စတာက အကြောင်းမဟုတ်ဘူး။ အစခံလိုက်ရတဲ့ ကျွန်တော်က နာတယ်ဗျ။
အခုလည်း ဒီဝေဖန်ချက်ကို ဘယ်သူ့ကိုမှ နစ်နာပါစေ၊ ထိခိုက်ပါစေတော့ဆိုပြီး ရေးတာမဟုတ်ဘဲ ချစ်လို့ရေးတာလို့ ဆိုပါရစေ။ ကျေပြီပေါ့ဗျာ။
ပေးလိုက်ရတဲ့ ပိုက်ဆံနဲ့ အချိန်တွေအတွက် နှမြောလိုက်တာဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့။
နံနက် ၀ နာရီ ၁၄ မိနစ်တွင်ပြီး၏။
Posted by
Ko Nyan
Posted Time
1:29 PM
0
Comment(s)
Link This
Labels ကျွန်တော့်အတွေးများ, ဆောင်းပါး-Article
အနာဂတ်အိုင်ဒီးလ် နိုင်ငံရေးခေါင်းဆောင် - စိုးမြင့်သိန်း
မကြာခင်ကလည်း တပ်မတော်အငြိမ်းစားအရာရှိ၊ အယ်ဒီတာမီဒီယာသမားတစ်ယောက်က အနာဂတ် ကျွန်တော်တို့နိုင်ငံ နိုင်ငံရေးခေါင်းဆောင်ဟာ ဖွဲ့စည်းပုံဥပဒေနဲ့အညီ ပေါ်ပေါက်လာရာမှာ တပ်ကလည်း ဖြစ်ချင်ဖြစ်မယ်၊ အရပ်ဘက်ကလည်း ဖြစ်ချင်ဖြစ်မယ်၊ အဲဒီပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ နိုင်ငံရေးခေတ်တွေကလို အတွေးအခေါ်ဟောင်း စိတ်ဓာတ်ဟောင်းသမား မဟုတ်ဘဲ လူသစ်စိတ်သစ် အတွေးအခေါ်သစ်သမား ဖြစ်သင့်တယ်ထင်တာပဲဟု လက်ဖက်ရည်ဝိုင်းတစ်ခုမှာ ဆွေးနွေးလာပါသည်။ ကျွန်တော် နှစ်သက်မိသည်။ သူက ဆက်လက်၍ အဲဒီလိုခေါင်းဆောင်မျိုးကို စိတ်ကူးပုံဖော်ရေးကြည့်ပါလားဟု ကျွန်တော့်အား အကြံပေးပါသည်။ အဲဒါက နည်းနည်းတော့ တာဝန်ကြီးမြင့်ပါသည်။ သတိနှင့် ရေးကြည့်ပါမည်။ စိတ်ကူးယဉ်စေတနာ နေ့လည်အိပ်မက်ဟုပြောသော် ရပါမည်။။ သို့နှင့်….
ကမ္ဘာကျော် Think and Grow Rich စာအုပ်ရေးသားသူ နပိုလီယံဟီးလ်ကတော့ "ခေါင်းဆောင်၏ ဂုဏ်အင်္ဂါများ" အဖြစ် အောက်ပါအတိုင်း ဖော်ပြခဲ့သည်-
(၁) ခိုင်ခံ့သောသတ္တိ၊ (၂) မိမိကိုယ်မိမိ ထိန်းသိမ်းခြင်း၊ (၃) တရား/မတရားကိုသိသော ထက်မြက်သောအသိစိတ်၊ (၄) ဆုံးဖြတ်ချက်အတိအကျချမှတ်ခြင်း၊ (၅) စီမံကိန်းစီမံချက်တို့ကို အတိအကျရေးဆွဲခြင်း၊ (၆) ရသည့်ငွေကြေးဥစ္စာထက်ပို၍ လုပ်အားပေးခြင်း၊ (၇) နှစ်လိုဖွယ် ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ (၈) စာနာတတ်ခြင်း၊ (၉) အသေးစိတ်စိစစ်ရာ၌ အထူးကျွမ်းကျင်ခြင်း၊ (၁၀) တာဝန်အပြည့်ယူရန် ၀န်မလေးခြင်း၊ (၁၁) ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိရမည်ဟူလို…
အတွဲ(၅) အမှတ်(၄၀) ရန်ကုန်တိုင်းမ်မှာတော့ ဆရာကြီးမောင်စူးစမ်းက Scholarship and Statesmanship ကို ညွှန်းပြီး "စတိတ်မင်ဋီကာ ၁၆ ချက်" ဟု ရေးသားလာ၏။ ……… ခေါင်းဆောင်မှန်ရင်တော့ သူ့ဟာနဲ့သူ အရည်အချင်းရှိလို့ ဖြစ်လာတာချည်း၊ အရည်အချင်းမရှိဘဲနှင့်တော့ ခေါင်းဆောင်ဖြစ်ဖို့ ဝေးလိမ့်မည်။ လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ နိုင်ငံရေးခေါင်းဆောင်တွေ အမျိုးမျိုးပေါ်မည်။ ပါတီစုံရွေးကောက်ပွဲဖြစ်၍ နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်လာတာ မကောင်းဘူးလား မေးစရာဖြစ်ပါမည်။ ကောင်းပါသည်ဟု ယေဘုယျ အဖြေထွက်ပါသည်။ သို့သော် ကျွမ်းကျင်နိုင်ငံရေးပညာရှင်တို့ကတော့ Statesman စတိတ်မင်ကို သီးခြားခွဲထုတ် လေ့လာမှုပြုကြသည်။
အဘိဓာန်အနက်ကိုကျော်၍ စတိတ်မင်ကို နိုင်ငံရေးသိပ္ပံက ဖွင့်ဆိုထားသည်။ (၁၆)ပါး ဖွင့်သည်-
(၁) အတွေးအခေါ် အမြော်အမြင်ရှိသူ
(၂) ခေတ်မီအတွေးအခေါ်များနှင့် ယဉ်ပါးသူ
(၃) ဒီမိုကရေစီတန်ဖိုးနားလည်သူ
(၄) ညှိနှိုင်းဆွေးနွေးတတ်သော ဉာဉ်ရှိသူ
(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းစွာပြုနိုင်သူ
(၆) အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားပန်းတိုင်ကို ကာကွယ်နိုင်သူ
(၇) ဈာန်ဝင်စားမှုမဲ့သော အစစ်အမှန်ဝါဒကို ခွဲခြားနိုင်သူ
(၈) လက်တွေ့မကျသော စိတ်ကူးယဉ်မှုကို ဖယ်ရှားနိုင်သူ
(၉) ကာလ၏ ပင်ရင်းအနက်အဓိပ္ပါယ်ကိုသိသူ
(၁၀) အခွင့်အလမ်းကို အမိဖမ်းနိုင်သူ
(၁၁) စိန်ခေါ်မှုတွေကို ရင်ဆိုင်ဝံ့သူ
(၁၂) ဘယ်ဟာအရေးကြီးသလဲဟု ရွေးနိုင်သူ
(၁၃) ဘယ်ဟာက ဆီလျော်ပြီး ဘယ်ဟာက မဆီလျော်ဟု ခွဲခြားနိုင်သူ
(၁၄) အရေအတွက်ထက် အရည်အချင်းကို ပို၍အားထားသူ
(၁၅) သရုပ်ခွဲစစ်မှု Analysis ထက် ပေါင်းစပ်ဖွဲ့စည်းခြင်း Synthesis ကို အလေးသန်သူ
(၁၆) လူ့ဘ၀၏ အနုကြမ်းကို ခံစားတတ်သူ (၀တ္ထုရေးဆရာတွေလို…) ဟူ၍ ဖြစ်သည်။
နိုင်ငံရေးသိပ္ပံပညာရှင်တို့က နိုင်ငံရေးခေါင်းဆောင်တို့သည် ဘယ်လောက်ပဲ လိမ္မာပါးနပ်ပါစေ၊ ဘယ်လိုပဲ ပညာတတ်ပါစေ၊ ဘယ်လောက်ပဲ ကွန့်မြူးဉာဏ်ရှိပါစေ… ဖော်ပြခဲ့သော ဂုဏ်ပုဒ်(၁၆)ပါး မရှိဘဲ စတိတ်မင်ဖြစ်မလာနိုင်ဟု ထောက်ပြကြသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့သည် သူတို့မှာ လက်တွေ့အတွေ့အကြုံ မရှိတိုင်း စတိတ်မင်၏ ဂုဏ်ပုဒ်ကိုဖော်ရာ၌ အရမ်းလောဘကြီးနေသည်ဟု ဝေဖန်ချက်လည်း ထွက်နေသည်။ စတိတ်မင်ဂုဏ်ပုဒ်တို့သည် စစ်ဘက်၊ အရပ်ဘက် နှစ်ဖက်စလုံးတွင် အကျုံးဝင်ပါလိမ့်မည်။ ဂုဏ်ပုဒ်(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်မှုကို အဓိကထားသည်။
မိတ်ဆွေ တော်တော်များများက "ခံစားမှုအီမိုးရှင်းနဲ့ နိုင်ငံရေးမလုပ်ရဘူး"လို့ ခင်ဗျားတို့က (ဆရာမောင်စူးစမ်း၊ ဆရာကျော်ဝင်းနှင့် ကျွန်တော်စိုးမြင့်သိန်း) ပြောပြောနေတယ်။ ခံစားမှုမပါဘဲ ဘာမှ လုပ်လို့မရပါဘူးဗျာ။ အဲဒါကြီးက အဓိပ္ပါယ်မရှိဘူးထင်တာပဲ… ဟု ဆွေးနွေးလာကြသည်။ ရေလုပ်ငန်းပညာရှင်တစ်ယောက် (နိုင်ငံရေးသမားဟောင်း)ကလည်း တစ်နေ့ ကျွန်တော့်အား လာပြောသည့် (ခံစားမှု… ခံစားမှု….)
ခံစားမှုနောက်ကို လိုက်ကြည့်ပါ။ ဥပမာ- မိန်းကလေးတစ်ယောက် လမ်းပေါ်မှာ လှုပ်စိလှုပ်စိ လျှောက်သွားတယ်ဆိုပါတော့။ အင်မတန်ကြည့်လို့လှတဲ့ ကြွတဲ့ မြင်ကွင်းဆိုပါတော့။ ဒီမှာ ခံစားချက် မရိုးမရွ ပေါ်လာပြီဆိုပါတော့… ပေါ်လာတဲ့အတိုင်း စိတ်နောက်ကိုယ်ပါ ကိုယ်ထိလက်ရောက် စော်ကားမော်ကားလို့ ရမလား၊ ခင်ဗျားစဉ်းစား… ဂတ်ရောက်ရုံးရောက် အချုပ်ထဲရောက် ထောင်ထဲရောက်သွားမယ်၊ သေချာတယ်။
နိုင်ငံရေးလည်း ဒီလိုပဲ။ ကျွန်တော်ဆို ဗကပလက်နက်ကိုင် ဖြုတ်ထုတ်သတ်သမားတောင် ဖြစ်သွားခဲ့သေးတာပဲ။ ခံစားမှုနောက်ကို လိုက်တာလေ… ခံစားမှု၊ ခံစားမှု။
Reality ဆိုတဲ့ တကယ့်အခြေအနေက ဘာလဲ၊ ဘယ်လိုစခန်းသွားရင် သင့်မလဲ၊ ဖြစ်နိုင်ချေရှိမလဲ၊ မဖြစ်နိုင်တာကြီးက ဘာလဲ၊ အန္တရာယ်လက်တစ်ကမ်းက ဘာလဲ၊ အကျိုးမဲ့က ဘာလဲ၊ အကျိုးရှိက ဘာလဲ၊ အကျိုးမဲ့အကျိုးရှိဆိုတာကလည်း အားလုံးသောကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ကာယဉာဏ ပညာရှင် ပညာတတ်၊ ဆရာဝန်အင်ဂျင်နီယာ၊ တပ်မတော်သား၊ တပ်မတော်အရာရှိ၊ လူကြီး၊ လူငယ်၊ ကလေး၊ အဘိုးအဘွား၊ မိဘဆရာသမား၊ ရဟန်းရှင်လူ အလုံးစုံကို ညွှန်းတဲ့သဘောတရား။
မှန်လည်းမှန် အကျိုးလည်းရှိ တစ်ဖက်လူလည်း လက်ခံနိုင်တဲ့ ကောင်းသောလမ်းစဉ် ဘုရားအဆုံးအမနဲ့အညီ ဂုဏ်ပုဒ်(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်မှုကို အဓိကထားသည်ဟု မောင်စူးစမ်းရေးတာ - အဲဒါဟု ကျွန်တော်က ထပ်ဆင့်ဋီကာ ဖွင့်မိသည်။
Posted by
Ko Nyan
Posted Time
1:18 PM
0
Comment(s)
Link This
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, ဆောင်းပါး-Article, မြန်မာ-Myanmar, နိုင်ငံရေး
ပထမပုဂံခေတ်
သရေခေတ္တရာပျက်လျှင် ပျူတို့လည်း အချင်းချင်း ကွဲကြပြန်လေသည်။ မြန်မာတို့လည်း သီးခြားလူမျိုးစုအဖြစ် ထင်ရှား၍ လာခဲ့လေသည်။ ပျူနှင့် မြန်မာတို့သည် ရောယှက်ပေါင်းသင်းနေထိုင်ကြ၍ ပျူအမည်ထက် မြန်မာအမည်က ပိုမိုထင်ရှားလာခဲ့လေသည်။ သရေခေတ္တရာပျက်ရာ၌ ရွှေ့ပြောင်းကြသူများသည် အချို့က ကျပင်းအမျိုးသားတို့နှင့်ပေါင်း၍၊ အချို့က သက်အမျိုးသားတို့နှင့်ပေါင်း၍ နေထိုင်ကြလေသည်။ အချို့ကား တောင်ညိုအရပ်တွင် မြို့ရွာတည်ကြပြန်လေသည်။ ထိုမှတစ်ဆင့် မင်းတုန်းမြို့ကို တည်ကြပြီးနောက် နောက်ဆုံးတွင် သက္ကရာဇ် ၂၉ ခုနှစ်၌ ယုန်လွှတ်ကျွန်းအရပ်၌ စုပေါင်းမိကြပြန်လေသည်။
ယုန်လွှတ်ကျွန်း၌ စုဝေးမိသော ပျူနှင့်မြန်မာတို့ကို အကြီးအကဲအဖြစ်ဖြင့် သရေခေတ္တရာ သူပညာနဂရ ဆိန္ဒမင်း၏ တူဖြစ်သော သမုဒ္ဒရာဇ်မင်းသားက ဦးဆောင်ကာ ယုန်လွှတ်ကျွန်းအရပ်တွင်ပင် ရွာပေါင်း ၁၉ ရွာကို စုစည်းလျက် မြို့ရွာတည်ထောင်၍ စိုးအုပ်လေသည်။
သက္ကရာဇ် ၂၉ ခုနှစ်တွင် မြို့သစ်တည်ထောင်ခဲ့ရာ ထိုမင်းလက်ထက်တွင် တကောင်းမင်းရိုးမျိုးနွယ်ဖြစ်သော မင်းထီး အမည်ရှိ သူငယ်တစ်ယောက်သည် လေးအတတ်ကို ကျွမ်းကျင်တတ်မြောက်၍ ယုန်လွှတ်ကျွန်းအရပ်ရှိ ပျူအိုလင်မယားထံတွင် တည်းခိုနေလေသည်။ ထိုအခိုက် ယုန်လွှတ်ကျွန်းတွင် ဆိုးသွမ်းနေသော ၀က်ကြီး၊ ငှက်ကြီး၊ ကျားကြီး၊ ရှူးပျံတို့၏ရန်ကို သူငယ်က လေးအစွမ်းဖြင့် နှိမ်နင်းအောင်မြင်လိုက်သည်ကို သမုဒ္ဒရာဇ်မင်းက ၀မ်းမြောက်၍ သမီးတော် သီရိစန္ဒာဒေ၀ီနှင့် လက်ထပ်ကာ အိမ်ရှေ့အရာ ပေးလေသည်။
သက္ကရာဇ် ၇၄ ခုနှစ်တွင် သမုဒ္ဒရာဇ်မင်း နတ်ရွာစံလေလျှင် မင်းထီးသည် မိမိ မင်းမပြုသေးဘဲ ဆရာရေသေ့အား မင်းပြုစေသဖြင့် ရသေ့ကြောင်မင်း ဟူ၍ ထင်ရှားလေသည်။ ရသေ့ကြောင်မင်းသည် သက္ကရာဇ် ၈၉ ခုနှစ်တွင် နတ်ရွာစံမှ မင်းထီးသည် ပျူစောထီးမင်း အဖြစ်ဖြင့် ထီးနန်းဆက်ဆံလေသည်။ ပျူစောထီး နောက်တွင် သားတော်စဉ်ဆက် ထီးနန်းစိုးစံကြလေသည်။ မြို့တော်ကို ပျူစောထီးလက်ထက်၌ အရိမဒ္ဒန ဟူ၍ သမုတ်လေသည်။
ယုန်လွှတ်ကျွန်းတွင် နန်းစိုက်ကြသော မင်းများမှာ
၁။ သမုဒ္ဒရာဇ် (သက္ကရာဇ် ၂-၄၇)
၂။ ရသေ့ကြောင် (သက္ကရာဇ် ၄၇-၆၂)
၃။ ပျူစောထီး (သက္ကရာဇ် ၆၂-၁၄၄)
၎။ သား ထီးမင်းယဉ် (သက္ကရာဇ် ၁၄၄-၁၇၁)
၅။ သား ယဉ်မင်းပိုက် (သက္ကရာဇ် ၁၇၁-၂၅၆)
၆။ သား ပိုက်သေလည် (သက္ကရာဇ် ၂၅၆-၂၉၃)
၇။ သား သေလည်ကြောင် (သက္ကရာဇ် ၂၉၃-၃၃၇)
ဟူ၍ ဖြစ်လေသည်။ သေလည်ကြောင်မင်းလက်ထက်တွင် ယုန်လွှတ်ကျွန်းမှ မြို့တော်ကို ပြောင်းရွှေ့၍ လောကနန္ဒာအရပ်၊ ကျောက်စကားရွာနေရာ၌ သီရိပစ္စယာ အမည်ဖြင့် မြို့တော်တည်ထောင်လေသည်။ သီရိပစ္စယာတွင် ဆက်လက်စိုးအုပ်သောမင်းများမှာ အောက်ပါအတိုင်း ဖြစ်လေသည်။
၈။ သား ကြောင်ဒူရစ် (သက္ကရာဇ် ၃၃၇-၃၆၂)
၉။ သား သည်ထန် (သက္ကရာဇ် ၃၆၂-၃၉၉)
၁၀။ အမတ်သူရဲ (သက္ကရာဇ် ၃၉၉-၄၁၄)
၁၁။ သည်ထန်မင်း၏သား သာရမွန် (သက္ကရာဇ် ၄၁၄-၄၃၆)
၁၂။ သိုက်တိုင်မင်း (သက္ကရာဇ် ၄၃၆-၄၄၃)
သိုက်တိုင်မင်း၏လက်ထက် ၄၃၈ ခုနှစ်တွင် သီရိပစ္စယာမြို့တော်မှ ရွှေ့ပြောင်း၍ ရွာစိုက် (ဖွားစောရွာ) ရွာတွင် တမ္ပ၀တီ အမည်ဖြင့် မြို့သစ်စိုက်တည် စိုးစံလေသည်။ မြို့သစ်တွင် ဆက်လက်စိုးစံသော မင်းများမှာကား အောက်ပါအတိုင်း ဖြစ်လေသည်။
၁၃။ သား သေလည်ကြောင် (သက္ကရာဇ် ၄၄၃-၄၅၂)
၁၄။ ညီ သေလည်ပိုက် (သက္ကရာဇ် ၄၅၂-၄၅၇)
၁၅။ ညီ ခန်းလောင် (သက္ကရာဇ် ၄၅၇-၄၆၇)
၁၆။ ညီ ခန်းတက် (သက္ကရာဇ် ၄၆၇-၄၇၉)
၁၇။ သား ထွန်တိုက် (သက္ကရာဇ် ၄၇၉-၄၉၂)
၁၈။ သား ထွန်ပစ် (သက္ကရာဇ် ၄၉၂-၅၀၈)
၁၉။ သား ထွန်ချစ် (သက္ကရာဇ် ၅၀၈-၅၃၅)
၂၀။ သိင်္ဃရာဇာ (မိဖုရားဆရာ) (သက္ကရာဇ် ၅၃၅-၅၆၂)
သိင်္ဃရာဇာမင်း လက်ထက်တွင် သက္ကရာဇ် ၅၆၂ ခုနှစ်၌ နှစ်ပေါင်း ၅၆၀ ကို ဖြိုပြန်၍ သက္ကရာဇ် ၂ ခုနှစ်မှ စတင်ရေတွက်ပြန်လေသည်။
၂၁။ မင်းရိုး ရွှေအုန်းသီး (သက္ကရာဇ် ၂-၁၄)
၂၂။ ညီ ပိတ်သုံ (သက္ကရာဇ် ၁၄-၂၂)
၂၃။ သား မိတ်တောင်း (သက္ကရာဇ် ၂၂-၇၂)
၂၄။ ညီ ငခွေး (သက္ကရာဇ် ၇၂-၇၈)
၂၅။ မြင်းကျွေး (သက္ကရာဇ် ၇၈-၈၈)
၂၆။ သိင်္ခ (သက္ကရာဇ် ၈၈-၉၆)
၂၇။ သိန်းခွန် (သက္ကရာဇ် ၉၆-၁၀၆)
၂၈။ သား ရွှေလောင်း (သက္ကရာဇ် ၁၀၆-၁၁၅)
၂၉။ သား ထွန်းတွင်း (သက္ကရာဇ် ၁၁၅-၁၂၄)
၃၀။ သား ရွှေမှောက် (သက္ကရာဇ် ၁၂၄-၁၄၇)
၃၁။ ညီ ထွန်လက် (သက္ကရာဇ် ၁၄၇-၁၆၄)
၃၂။ သး စောခင်နစ် (သက္ကရာဇ် ၁၆၄-၁၉၁)
၃၃။ သား ခဲလူ (သက္ကရာဇ် ၁၉၁-၂၀၈)
၃၄။ ညီ ပျဉ်ပြား (သက္ကရာဇ် ၂၀၈-၂၃၈)
ပျဉ်ပြားမင်းလက်ထက်တွင် တမ္ပ၀တီမြို့မှ ယခုတည်ရှိသော ပုဂံမြို့သို့ ပြောင်းရွှေ့၍ မြို့သစ်တည်ထောင် စိုးစံခဲ့လေသည်။
၃၅။ သား တန်နက် (သက္ကရာဇ် ၂၃၈-၂၆၆)
၃၆။ စလေငခွေး (သက္ကရာဇ် ၂၆၆-၂၉၆)
၃၇။ သား သိန်းခို (သက္ကရာဇ် ၂၉၆-၃၁၈)
၃၈။ တောင်သူကြီး စောရဟန်း (သက္ကရာဇ် ၃၁၈-၃၆၃)
(ပုဂံတွင် စိုးစံကြသော မင်းများနှင့်ပတ်သက်၍ ရှေးဦးမင်းတို့၏ လက်ထက်များ၌ ထူးခြားထင်ရှားသော အကြောင်းအရာတို့ကို အမှတ်အသားများစွာ မတွေ့ရပေ။ ပုဂံခေတ်နှင့်ပတ်သက်၍ ကျောက်စာထင်ရှား ဖော်ပြပါရှိချက်များမှာ စောရဟန်းမင်းလက်ထက် သိမ်ပျက်ကို ပြင်ဆင်သော စောရဟန်း သိမ်ကျောက်စာ စသည်တို့မှ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူမင်းများ လက်ထက်ထိုး ကျောက်စာများကိုသာ တွေ့ရှိရပေသည်။ ထို့ကြောင့် ကျောက်စာကို ထောက်ပြနိုင်သော ကာလအတွက်သာလျှင် ရာဇ၀င်အတည်တကျ ယူနိုင်မည်ဟူ၍ အစွဲရှိသူတို့က မြန်မာနိုင်ငံသမိုင်းသည် အနော်ရထာခေတ်လောက်မှ စတင်သည်ဟု ယူဆလေ့ရှိကြပေသည်။ စင်စစ်အားဖြင့် ခိုင်မာသောကျောက်စာ မရှိစေကာမူ အဆင့်ဆင့် မှတ်တမ်းများအရ တကောင်းခေတ်၏ ထောက်မှီသော ရာဇ၀င်နောက်ခံကို ယေဘုယျအားဖြင့် လက်ခံရပေမည်။ အကျယ်လေ့လာ ထောက်မှီသော ရာဇ၀င်အနေဖြင့် ပုဂံခေတ်လယ်မှစ၍ သုံးသပ်လေ့လာရန်သာ လိုအပ်ပေသည်။)
ပုဂံခေတ်နှင့် ပတ်သက်၍ ယခုတိုင် တည်ရှိနေသော သာသနိက အဆောက်အဦများနှင့် ပတ်သက်၍ ဘူးဘုရားကို ပျူစောထီး လက်ထက်၌ တည်သည်ဟူ၍လည်းကောင်း၊ တိမ်ဘုရား၊ ကျင်ဘုရားတို့ကို ပျဉ်ပြားမင်းတည်သည်ဟူ၍လည်းကောင်း၊ အတွင်းစည်းခုံကို ကြောင်းဖြူမင်း တည်သည်ဟူ၍လည်းကောင်း၊ ငသေဉ်လည်ဂူကို သေဉ်လည်ကြောင်မင်း တည်သည်ဟူ၍လည်းကောင်း၊ ပုထိုးကြီး၊ ပုထိုးသားများကို တောင်သူကြီးမင်း တည်သည်ဟူ၍လည်းကောင်း မှတ်သားခဲ့ကြပေသည်။ ပုဂံမင်းများ၏ ကောင်းမှုအလင်္ကာတွင် အနော်ရထာမတိုင်မီ ရှေးဦးပုဂံမင်းတို့၏ ကောင်းမှုများကို စာရင်းတင်ထားပေသည်။ ထို့ကြောင့် အနော်ရထာမင်းမတိုင်မီ ရာဇ၀င်သမိုင်းနှင့် အရပ်ရပ်ယဉ်ကျေးမှုများ အစဉ်အဆက် ထွန်းကားတည်ရှိခဲ့သည်ဟုပင် ယူဆရပေသည်။
၃၉။ ကွမ်းဆော်ကြောင်းဖြူ (သက္ကရာဇ် ၃၆၃-၃၈၃)
၄၀။ စောရဟန်းမင်း၏သား ကျည်စိုး (သက္ကရာဇ် ၃၈၃-၄၀၀)
၄၁။ ညီ စုက္ကတေး (သက္ကရာဇ် ၄၀၀-၄၀၆)
၄၂။ ကွမ်းဆော်မင်း၏သား အနော်ရထာ အနုရုဒ္ဓါဒေ၀ (သက္ကရာဇ် ၄၀၆-၄၃၉)
မြန်မာ့သမိုင်းတွင် အနော်ရထာ လက်ထက်မှစ၍ နိုင်ငံထူထောင်ပုံများကို အတော်အတန် ကျယ်ဝန်းစွာ လေ့လာနိုင်ခွင့်ရပေသည်။ ကျောက်စာများ၊ မှတ်တမ်းများလည်း များပြားလေသည်။
Posted by
Ko Nyan
Posted Time
1:12 PM
0
Comment(s)
Link This
Labels Brief History of Myanmar, Myanmar, စာအုပ်မှတ်စုများ, ဆောင်းပါး-Article, မြန်မာ-Myanmar
ဗီဒီယိုဇာတ်ကားအညွှန်း
ဒီနေ့ရုပ်ရှင်သွားကြည့်ဖို့စီစဉ်တာ အဆင်မပြေတဲ့အတွက် ဗီဒီယိုဆိုင်မှာပဲ အခွေလေးတွေသွားရှာဖြစ်တယ်။ ကိုယ်ကြည့်နေကျ မင်းသား၊ မင်းသမီးတွေကလည်း အမြဲတမ်း ဇာတ်ကားထွက်နေတာမဟုတ်တော့ ဟိုအခွေပြလည်း မင်းသားမကြိုက်ရတာနဲ့၊ ဒီဇာတ်ကားပေးလည်း မင်းသမီးကိုမကြိုက်ရတာနဲ့ အတော်လေးတော့ အလုပ်ရှုပ်သွားပါတယ်။ နောက်ဆုံးတော့ အခွေဆိုင်က အငှားစာရေးကို ကိုယ့်ဘာသာကိုယ်ပဲ လိုက်ရှာတော့မယ်လို့ ပြောလိုက်ရပါတယ်။ နောက်ဆုံးထွက်သမျှ အခွေသစ်တွေထဲမှာ တစ်ခုချင်းစီလိုက်ရှာပြီး ကြည့်လို့ကောင်းမယ်ထင်တာလေးတွေကို ရွေးထုတ်ထားလိုက်ပါတယ်။ စုပြီးရွေးထုတ်ထားတဲ့ အခွေငါးခွေခြောက်ခွေလောက်ထဲကမှ နှစ်ခွေကို ရွေးလိုက်ပါတယ်။ တစ်ခွေကို စိတ်ကျေနပ်ပေမယ့် နောက်တစ်ခွေကိုတော့ ကံစမ်းမဲသဘောမျိုးနဲ့ ရွေးခဲ့တာပါ။ ဒါပေမယ့်လို့ ကျွန်တော်ကပဲ ကံကောင်းတာလား၊ အဲဒီဗီဒီယိုဇာတ်ကားနှစ်ခုလုံးကိုရွေးမိတာကပဲ မှန်သွားတာလားတော့ မပြောတတ်ပါ။ ငှားလာတဲ့ အခွေနှစ်ခုလုံးဟာ ကျွန်တော့်ရင်ကို ထိသွားပါတယ်။ အချိန်ပေးပြီးကြည့်ရကျိုးနပ်တဲ့ ဇာတ်လမ်းတွေလို့ သတ်မှတ်ပါတယ်။ သာမန်ချစ်ကြိုက်ညားကွဲမဟုတ်ဘဲ ခံစားမှုတွေပေးခဲ့တဲ့ ဇာတ်လမ်းလေးတွေ ဖြစ်တဲ့အတွက် ကျွန်တော့်မိတ်ဆွေတွေအတွက် ပြန်ပြီးဖောက်သည်ချလိုက်တာပါ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးလို့ ဆိုတဲ့အတွက် ငှားကြည့်မိလို့များ ကျွန်တော်ကြိုက်သလိုမကြိုက်ခဲ့ရင် နားလည်ပေးဖို့လည်း ကြိုတင်ပြောကြားလိုကြောင်းပါ။
ကံစမ်းမဲသဘောနဲ့ငှားခဲ့တဲ့ ဇာတ်လမ်းခွေကို အရင်ဆုံးပြောလိုပါတယ်။ အဲဒီဇာတ်လမ်းရဲ့ အချက်အလက်အကျဉ်းချုပ်က ဒီလိုပါ-
ဇာတ်လမ်းအမည် - ကြယ်ကြွေချိန်ခဏလေး
ဇာတ်လမ်း - ကိုပေါက်၊ ဂျမန်း
ဇာတ်ညွှန်းနဲ့ဒါရိုက်တာ - ကိုပေါက်
သရုပ်ဆောင် - မြင့်မြတ်၊ ချစ်သုဝေ၊ မိုးမိုး၊ ကုသိုလ်၊ တက္ကသိုလ်ဂွမ်းပုံ
ကြိုတင်ပြောပါရစေ
ခင်ဗျားသာ ကိုရီးယားကားတွေကို မလွတ်တမ်းကြည့်တတ်တဲ့ ကိုရီးယားဇာတ်လမ်းခရေစီ တစ်ယောက်ဆိုရင်တော့ သိပြီးသားဇာတ်လမ်းဖြစ်နေမယ်ထင်ပါတယ်။ အတူထိုင်ကြည့်နေတဲ့ သူငယ်ချင်းကတော့ ဇာတ်လမ်းစပြီးခဏနေတော့ ကိုရီးယားဇာတ်လမ်းကို ပြန်ရိုက်ထားတာကြီးပဲလို့ သြဘာပေးပါတယ်။ အမှန်အတိုင်းပြောရရင် သူပြောတဲ့ ကိုရီးယားဇာတ်လမ်းကို ကျွန်တော်မကြည့်ဖူးပါ။ ဒါပေမယ့်လို့ ဇာတ်လမ်းဇာတ်ကွက်ဆင်ပုံ ရိုက်ကူးတင်ပြပုံတွေကိုကြည့်ပြီးတော့ ကိုရီးယားဇာတ်လမ်းကို မှီငြမ်းထားတယ်ဆိုတာကို လက်ခံပါတယ်။ ဖြစ်နိုင်ပါတယ်။
ဇာတ်လမ်းအကျဉ်း
မျက်စိမမြင်၊ စကားမပြောတတ်တဲ့ မြင့်မိုရ်ဆိုတဲ့ ကောင်းလေးတစ်ယောက်နဲ့ အင်မတန်ဖော်ရွေသဘောကောင်းတဲ့ သူနာပြုဆရာမလေးတစ်ယောက်ရဲ့ နှစ်ဦးကြားက သံယောဇဉ်ကို အခြေတည်ထားပါတယ်။ ဒေါက်တာမိုးမိုးက သူနာပြုဆရာမလေးကို သဘောကျချစ်ခင်နှစ်သက်နေသူ။ ဖြစ်ချင်တော့ သူနာပြုဆရာမလေးက မြင့်မိုရ်ကို အဖြေပေးမယ့်နေ့မှာ ကားတိုက်ခံရပြီး မြင့်မိုရ် ကွယ်လွန်သွားခဲ့ရတယ်။ ဒါပေမယ့် အခွင့်အရေးတစ်ခုအနေနဲ့ လူ့ပြည်မှာ ငါးရက်တာ ပြန်လည်နေထိုင်ခွင့် ရခဲ့တယ်။ မူလခန္ဓာနဲ့မဟုတ်တော့တဲ့ လူတစ်ယောက်အဖြစ်နဲ့ပေါ့။ မျက်စိမြင်၊ စကားပြောတတ်တဲ့ လူတစ်ယောက်အနေနဲ့ လူ့ပြည်မှာပြန်လည်နေထိုင်ခွင့်ရတဲ့ အချိန်လေးမှာ သူသိပ်ချစ်တဲ့ သူနာပြုဆရာမလေးအနားမှာ တ၀ဲဝဲတလည်လည်နဲ့ သူဟာမြင့်မိုရ်ဖြစ်ကြောင်း သိအောင်လုပ်တဲ့အကြောင်းကို ဇာတ်လမ်းဖန်တီးရိုက်ပြထားတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။
ဘာကြောင့်ကြိုက်
ကျွန်တော်ပြောခဲ့သလို မူလကိုရီးယားဇာတ်လမ်းကို မကြည့်ဖူးတဲ့အတွက် သာမန်ဇာတ်လမ်းလေးမဟုတ်ဘဲ စိတ်အပန်းပြေစေတဲ့အတွက် ကြိုက်ပါတယ်။ အခုနောက်ပိုင်းမှာ ကိုယ်တိုင်ဇာတ်လမ်းရေး၊ ဇာတ်ညွှန်းခွဲပြီး၊ ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးလာတဲ့ ကိုပေါက်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ကြိုးစားအားထုတ်တင်ပြမှုတွေကို အသိအမှတ်ပြုသဘောကျတဲ့အတွက်လည်း ကြိုက်ပါတယ်။ ချစ်သုဝေရဲ့ လွတ်လပ်ပေါ့ပါးပြီး ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုတွေကို သဘောကျလို့ ကြိုက်ပါတယ်။ ကျွန်တော်သဘောကျတဲ့ သရုပ်ဆောင်မဟုတ်ပေမယ့် ဒီဇာတ်ကားမှာတော့ မျက်မမြင်နဲ့ စကားမပြောတတ်တဲ့ ဇာတ်ရုပ်ကို အတတ်နိုင်ဆုံး ပီပြင်အောင် သရုပ်ဆောင်သွားနိုင်တဲ့ မြင့်မြတ်ကြောင့်လည်း ဒီဇာတ်ကားကို ကြိုက်ပါတယ်။ ဇာတ်ကွက်သိပ်မပါပေမယ့် ရတဲ့အခန်းလေးတွေမှာ ပီပြင်အောင် သရုပ်ဆောင်သွားနိုင်တဲ့ ကုသိုလ်ကြောင့်လည်း ဒီဇာတ်လမ်းကို ကြိုက်ပါတယ်။
ဘာပဲပြောပြော ပေါ့ပေါ့ပါးပါး ကြည့်ချင်တဲ့ ဗီဒီယိုပရိသတ်တွေအတွက်တော့ အားလပ်ချိန်လေးမှာ ကြည့်သင့်တဲ့ မဟော်ဂနီထုတ်လုပ်ရေးရဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ။
---------------------------------------------------
နောက်တစ်ကားကိုဆက်ညွှန်းပါရစေ။
ဇာတ်လမ်းအမည် - ဒီအိပ်မက်လေးပြန်မက်ချင်တယ်
ဇာတ်လမ်း - မြင့်သန်းအောင်
ဇာတ်ညွှန်း - လွမ်းဝေအောင်
တွဲဖက်ဒါရိုက်တာ - သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင် - လူမင်း၊ န၀ရတ်၊ ခရစ္စတီးနား၊ မိုးယုစံ၊ ဇော်ဦး၊ ဦးခိုင်တင်၊ ထူးသာ၊ ဇော်ဝင်းနိုင်၊ ဟိန်းမင်း
ကလေးသရုပ်ဆောင် - အီစီကွေး
ဇာတ်လမ်းအကျဉ်း
ဂျာနယ်တိုက်တစ်ခုက စာနယ်ဇင်းသမားတစ်ယောက်နဲ့ မိုးကုတ်က သူဌေးသမီးလင်မယားနှစ်ယောက်၊ နောက်သူတို့ရဲ့ သားလေးတစ်ဦး။ ပျော်ရွှင်ချမ်းမြေ့နေတဲ့ မိသားစုလေးတစ်ခုပေါ့။ ဘာမဟုတ်တဲ့ ပြဿနာတွေ၊ အထင်အမြင်လွဲမှုတွေကြောင့် လင်မယားကွာရှင်းပြတ်စဲတဲ့အထိ ဖြစ်သွားခဲ့ရတယ်။ အဲဒီနောက် သားလေးကို အုပ်ထိန်းစောင့်ရှောက်ခွင့်အတွက် အပြိုင်အဆိုင် အမှုဆိုင်ကြပုံကို ရိုက်ကူးတင်ပြထားတဲ့ ဇာတ်လမ်းတစ်ခုပါ။
ဘာကြောင့်ကြိုက်
ဘေးကပြောတတ်တဲ့ စကားလေးတွေဟာ သာမန်အားဖြင့် ဘာမှမဖြစ်ပေမယ့် တစ်ခါတစ်ရံ တိုက်ဆိုင်တာတွေ ရှိသွားတဲ့အချိန်မှာတော့ ရှင်းမရလောက်အောင် ကြီးကျယ်တဲ့ပြဿနာတွေ ဖြစ်သွားတတ်တဲ့အကြောင်း၊ ပွင့်လင်းမှုမရှိတဲ့အတွက် ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်သံသယနဲ့ကိုယ် ထင်ရာတွေတွေး၊ ထင်ရာတွေဆုံးဖြတ်ပြီး လုပ်ချင်ရာလုပ်တဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်လာသင့်တဲ့အကြောင်း၊ ဘာမှအပြစ်မရှိဘဲ နုနယ်လှတဲ့ ကလေးတွေအတွက် မိဘတွေဟာ အရေးကြီးတဲ့အကြောင်း၊ ကလေးတွေရဲ့ ဖြူစင်နုနယ်လှတဲ့စိတ်မှာ ဒဏ်ရာအနာတရမဖြစ်စေဖို့ ဂရုစိုက်သင့်တဲ့အကြောင်း ပညာပေးရင်း တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ကြိုက်ပါတယ်။ ကလေးသရုပ်ဆောင် အီစီကွေးဟာ အတော်လေးကို ပီပြင်အောင် သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ အိုဗာအက်ရှင်တွေနဲ့ ဟဲဗီးဖြိုးကို ငြီးငွေ့လာတဲ့အချိန်မှာ ကလေးသရုပ်ဆောင်နေရာကို အီစီကွေးက နေရာဝင်ယူလာတော့မယ်လို့ မြင်မိပါတယ်။ လူမင်းနဲ့ န၀ရတ်ကတော့ သမ္ဘာရင့်သရုပ်ဆောင်တွေဖြစ်တဲ့အတိုင်း သူတို့ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်သွားနိုင်ကြောင်းပါ။
သတိထားမိတာတွေ
ကလေးသရုပ်ဆောင် အီစီကွေး ရက်(ပ်)ဆိုတာကို သဘောကျသွားမိတယ်။ တော်တော်မလွယ်တဲ့ခေတ်လို့လည်း တွေးမိတယ်။
ဗီဒီယိုရိုက်ကွင်းတစ်ခုမှာ ဒါရိုက်တာနဲ့ မင်းသားရဲ့အဒေါ်တို့ ပြဿနာဖြစ်တဲ့အခန်းကိုလည်း သဘောကျလွန်းလို့ နှစ်ခါတောင် ပြန်ရစ်ပြီးကြည့်ဖြစ်တယ်။ အတော်ကိုရယ်ရတယ်။
အရက်မူးလာတဲ့ ဇော်ဝင်းနိုင်နဲ့ သူ့မိန်းမရန်ဖြစ်တဲ့အချိန်မှာ လူမင်းရောက်လာပြီး ဖျန်ဖြေရင်း အပြန်အလှန်ပြောကြတဲ့ ဒိုင်ယာလော့ခ်တွေကိုလည်း သဘောကျမိတယ်။ သဘောကျမိတာက သူတို့ပြောတဲ့စကားတွေကို မဟုတ်ပါဘူး။ အဲဒီစကားပြောခန်းတွေကို ဗီဒီယိုဆင်ဆာအဖွဲ့က ဘယ်လိုခွင့်ပြုလိုက်သလဲဆိုတာကို တွေးမိလို့ပါ။ သိချင်ရင်ငှားကြည့်ပြီး နားထောင်ကြည့်။ (သြော်… ကျွန်တော်က အဖြစ်သည်းနေတာလည်း ဖြစ်ချင်ဖြစ်မှာပါ၊ ဟားဟားဟား)
ဘာပဲဖြစ်ဖြစ် အစပိုင်းမှာ ပျော်စရာလေးတွေ ထည့်ပေးထားပါတယ်။ နောက်ပိုင်းမှာတော့ မိသားစုပြဿနာကိုပဲ အဓိကဇောင်းပေးပြီး တင်ပြသွားတဲ့ဇာတ်လမ်းလေးတစ်ခုပါ။ ပျော်စရာဇာတ်လမ်းမဟုတ်ပေမယ့် ကြည့်သင့်တဲ့ ပညာပေးဇာတ်လမ်းတစ်ခုလို့ ညွှန်းပါရစေ။ သြော်… ဒါနဲ့ ကြိုပြီးပြောပါရစေနော်… မျက်ရည်လွယ်တဲ့လူတွေဆိုရင်တော့ သူငယ်ချင်းတွေနဲ့မကြည့်ဘဲ တစ်ယောက်တည်းကြည့်ဖို့ အကြံပေးတာပါ။ တော်ကြာ လူကြားထဲမှာ မျက်ရည်တွေကျနေရင် အစအနောက်ခံနေရမှာစိုးလို့ပါ။
ကဲ ကျွန်တော်ကပဲ အလကားနေရင်းညွှန်းနေတာလား၊ တကယ်ကောင်းတာလားဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီးတဲ့အချိန်ကျမှပဲ ဆုံးဖြတ်ပါတော့လို့ ဆိုပါရစေ။ အခုတော့ မန်ယူပွဲကို သွားရောက်အားပေးလိုက်ပါဦးမည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၂ နာရီ ၁၅ မိနစ်တွင် ပြီး၏။
Posted by
Ko Nyan
Posted Time
1:08 PM
0
Comment(s)
Link This
Labels ကျွန်တော့်အတွေးများ, ဆောင်းပါး-Article